Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၀

ခွန်တန်ဖြစ်စဉ်ကို ထိန်ချန်ထားခြင်းကြောင့် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အား အရေးယူရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ကို လွှတ်တော် ဥက္ကဋ္ဌမှ တဆင့် အစီရင်ခံစာ ပေးပို့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ဥပဒေ၊ နည်းဥပဒေအရ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့တယ်ဟု ဇရစ်ချောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ဆိုသည်

ယင်း အုပ်ချုပ်ရေးမှူးအား စုံစမ်း စစ်ဆေး၍ အရေးယူမှုများ ပြုလုပ်ရန်အတွက် ပြည်နယ် အစိုးရအဖွဲ့ထံ အစီရင်ခံစာ ပေးပို့မည့် ကိစ္စကို နိုဝင်ဘာ ၁၇ ရက် ပြုလုပ်သည့် ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“တိုင်စာမှာဆို ဒီလို rape caes ဖြစ်ထားတဲ့ဟာကို ထိန်ချန်ထားတယ်၊ အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ တာဝန်ပျက်ကွက်တယ်၊ အဲဒါကို ကျွန်မတို့အနေနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို လွှတ်တော် ဥက္ကဋ္ဌကနေတဆင့် အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ တာဝန်ဝတ္တရား ပျက်ကွက်မှုတွေ စုံးစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ပါဆိုပြီး အစီရင်ခံစာ ပေးပို့သွားမယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဇရစ်ချောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က မိမိအား တာဝန် ပျက်ကွက်သည်ဟု ထင်မှတ်၍ အရေးယူမည်ဆိုပါက မိမိအနေဖြင့် complain တက်စရာ မရှိကြောင်း ၊ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း မိမိအနေဖြင့် ရပ်ကျေး ဥပဒေ အတိုင်း လေးစာ လိုက်နာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က “ကျွန်တော်ကတော့ ဥပဒေ၊ နည်းဥပဒေအရ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့တယ်၊ ဒါကို တာဝန်မကျေပါဘူး၊ ချိုးဖောက်တယ်လို့ ထင်ရင်လည်း ခံယူယုံပဲ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ခွန်တန် ဖြစ်စဉ်ကို လိုက်လံဖော်ထုတ်နေသည့် ဗိုလ်ကြီးဟောင်း ဦးခင်မောင်ကြည်က အမျိုးသမီးများကို တရားဝင် လက်ထပ်ခဲ့သည့် ခွန်တန်ကိစ္စသည် အုပ်ချုပ်ရေးမှူး၏ မျက်ကွယ်ပြုမှုကြောင့် ယခု အခြေအနေအထိ ဖြစ်လာခဲ့ကြောင်း ၎င်းက ဝေဖန်ပြောဆိုသည်။

ပအိုပ့်တိုင်းရင်းသူများအပေါ် ဘာသာရေးအရ အခွင့်အကောင်းယူ၍ ပန်ဦးလွှတ်ခဲ့သော ခွန်တန်အား အရေးယူရန် ပြည်နယ် အစိုးရအဖွဲ့ လုပ်ဆောင်နေမှုကို အားရကျေနပ်ခြင်း မရှိကြောင်း ဦးခင်မောင်ကြည်က ထပ်မံဝေဖန်ထားသည်။

ခွန်တန်ဖြစ်စဉ်ကို နိုဝင်ဘာ ၆ ရက်က မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီက တိုင်ကြားသူများကို စစ်ဆေးကြားနားထားသည်။ကြားနာပွဲကို ကာယကံရှင်အမျိုးသမီးနှစ်ဦးက လာရောက် စစ်ဆေးခံမည်ဟု ပြောဆိုခဲ့သော်လည်း ကြားနာပွဲသို့ ရောက်ရှိလာခဲ့ခြင်းမရှိပေ။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply