Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၀။

ခွန်တန် အပေါင်းအပါ နှစ်ဦးကို သာသနာ ညှိနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် ထပ်မံ တရား စွဲရန် အတွက် ပြည်နယ် သာသနာရေး ဦးစီးဌာနမှ ပြည်ထောင်စု သာသနာရေး ဦးစီးဌာနကို အကြံပြုချက် တောင်းခံ ထားကြောင်း မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူ အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

တရားစွဲရန် စီစဉ် နေသည့် အပေါင်းအပါ နှစ်ဦးမှာ သထုံမြို့နယ်၊ ဇရစ်ချောင် ကျေးရွာ၊ အလံတရာ နယ်မြေတွင် နေထိုင်သော ရသေ့ ဦးစံသိန်း(ခ) ဦးဇာနေယျ နှင့် ဘားအံမြို့နေ ဦးသာသနိက တို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီနှစ်ဦးကို အခုမှ တရားစွဲဖို့ လှမ်းတောင်း ရမှာ မဟုတ်ဘူး၊ ဟိုရှေးရှေးကတည်း လုပ်ရမယ့် Process ပါ၊ အခုမှ အကြံပြုချက် လှမ်းတောင်းတာ ဆိုတော့ အချိန်လည်း သုံးလေး လလောက် ကျော်သွားပြီ၊ ဒီကိစ္စကိုလည်း မကြာခင်မှာ ဆောင်ရွက် သွားမယ် လို့လည်း သိထား ရတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ခွန်တန် အပေါင်းအပါး နှစ်ဦး ထပ်မံ တရားစွဲရန် စီစဉ်နေသည့် ကိစ္စကို ပြည်နယ် သာသနာရေး ဦးစီးဌာနရုံးကို ဟင်္သာမီဒီယာက သွားရောက် မေးမြန်း ရာတွင် ပြည်နယ်မှူး မရှိ သောကြောင့် ဖြေဆို၍ မရကြောင်း၊ ပြည်နယ်မှူးကို ဆက်သွယ်ရန် ပြောဆိုခဲ့သည်။

ထို့ကြောင် မွန်ပြည်နယ် သာသနာရေး ဦးစီးမှူး ဦးမင်းရွှေလွင်ကို ဟင်္သာမီဒီယာက ဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြား ခဲ့ခြင်း မရှိပေ။

အလံတရာ စေတီကို ခွင့်ပြုချက် မရှိဘဲ ပြုပြင်ခဲ့သည့်အတွက်ကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ ခွန်တန်နှင့် အဖွဲ့ဝင် ငါးဦးကို သာသနာ ညှိနွမ်း စေမှု ၂၅၉ (က) ဖမ်းဆီးရန် အမိန့် ထုတ်ပြန်ပြီး ဖမ်းဆီး ခဲ့ရာ ခွန်တန်မှာ လွတ်မြောက် နေ၍ ကျန်အဖွဲ့ဝင် ငါး ဦးကို သထုံ အကျဉ်းထောင်တွင် ဖမ်းဆီထားပြီး ရုံးတင် စစ်ဆေးလျက် ရှိသည်။

ရသေ့ ဦးစံသိန်း (ခ) ဦးဇာနေယျ မှ “ ဝရမ်း တပ်တာတွေ ဘာတွေ ငါတို့ မသိဘူး ၊ ငါတို့ ဘယ်မှ ထွက်မပြေးပဲ ၊ ဒီမှာပဲ နေတယ်လေ၊ လုပ်ထုံး လုပ်နည်း တွေက သူ့တွေ အာဘော် ချည်းပဲ ဆုံးဖြတ် နေတဲ့ ဟာပဲလေ” ဟု ပြီးခဲ့သည့် အောက်တိုဘာ နှောင်းပိုင်း၌ ခွန်တန် အပေါင်းအပါ (၅) ဦးအား အစိုးရမှ ဖမ်းဆီး ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးဇာနေယျအား သွားရောက် မေးမြန်းစဉ် ၎င်း၏ အမြင်ကို အထက်ပါ အတိုင်း ပြောကြား ထားခဲ့သည်။

ထွက်ပြေး တိမ်ရှောင်နေသော ခွန်တန်ကို ဖမ်းဆီးရန် အတွက် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် သက်ဆိုင်ရာ နယ်မြေရဲစခန်း များသို့ အကြောင်းကြား ထားပြီး ဖြစ်သည်။
ခွန်တန်ကို အားပေး ကူညီ ခဲ့ကြသော လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ဆင်ကြီး၊ မောင်ခင်တို့အား အရေးယူ

ပေးရန် အောက်တိုဘာ (၂၄) ရက်တွင် ကာယကံရှင် မိန်းကလေး၏ဖခင် ဦးဝင်းညွန့်မှ သထုံမြို့မရဲစခန်း၌ လာရောက် အမှုဖွင့် တိုင်ကြား ထားသည်။

ခွန်တန်နှင့် အပေါင်း အပါများကို သထုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မများ ဖြစ်သည့် ပြစ်မှု ကျူးလွန်ရာတွင် အားပေး ကူညီမှု ပုဒ်မ ၁၁၄ ၊ လူခိုးမှု ပုဒ်မ ၃၆၃၊ အတင်းအဓမ္မထိမ်းမြှား ပေးစားခြင်း ပုဒ်မ ၃၆၆ တို့ဖြင့် အမှုဖွင့် အရေးယူ ထားသည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply