ခွေးရူးပြန် ကာကွယ်ဆေး ပြတ်လပ်

မော်လမြိုင် ဇန်နဝါရီ
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ခွေးရူးပြန်ကာကွယ်ဆေး ပြတ်လပ်နေသည်မှာ ယနေ့ထိဆိုလျှင် သုံးလကျော်ပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
၂ဝ၁၈ အောက်တိုဘာ ၄ ရက်နေ့က ဆေးကုန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ခွေးကိုက်ခံရသည့် လူနာပိုများလာသောကြောင့် ဆေးပြတ်လပ်ခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်ကပြောသည်။
“၂ဝ၁၈-၁၉ မှာ အရေးပေါ်အစီအစဉ်နဲ့ ဝယ်ယူဖို့စီစဉ်နေတယ်။ ဝယ်တယ်ဆိုတာက ဒီအတိုင်း ပိုက်ဆံပေးရုံနဲ့မရဘူး။ အစိုးရဘတ်ဂျက်ဆိုတော့ တင်ဒါခေါ်ယူရမယ့်လုပ်ငန်းစဉ်ရှိတယ်” ဟု၎င်းကဆက်ပြောသည်။
ထို့ပြင် ဆေးကုန်ကျနည်းအောင် အသားထဲထိုးသည့်နည်းထက် နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိထားသော အရေပြားထဲထိုးသည့်နည်းကို အသုံးပြုရန် ညွှန်ကြားထားကြောင်း၊ နှစ်နည်းစလုံး၏ အကျိုးအာနိသင်မှာ အတူတူပင်ဖြစ်သည်ဟုဆိုသည်။
“အမှန်က ခွေးလေခွေးလွင့်တွေကို နှိမ်နင်းရမှာ။ ခွေးရူးကာကွယ်ဆေးကို အားမကိုးဘဲ အဓိက ခွေးမကိုက်အောင် ကာကွယ်ဖို့နည်းလမ်းတွေ ပိုပြီးအသုံးပြုသင့်တယ်” ဟုဆိုသည်။
မွန်ပြည်နယ်၌ ၂ဝ၁၇ ခုနှစ်တွင် ခွေးရူးပြန်ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၁၂၂၄၃ ဦးရှိခဲ့ပြီး ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူ ငါးဦး ရှိခဲ့သည်။
၂ဝ၁၈ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ ကာကွယ်ဆေးထိုးသူ ၁၁ဝ၁၂ ဦးရှိခဲ့ပြီး သေဆုံးသူ သုံးဦးရှိခဲ့သည်။
၂ဝ၁၈ ခုနှစ်တွင် ဆယ်လအတွင်း ခွေးရူးပြန်ကာကွယ်ဆေး အလုံးရေ ၃၇၈၁၄ အသုံးပြုခဲ့ရပြီး အပြင်ပေါက်ဈေး တစ်လုံး ၁၆ဝဝဝကျပ် နှုန်းဖြင့်တွက်လျှင် ငွေကျပ်သိန်းပေါင်း ၆ဝဝဝ ကျော်ကုန်ကျသည်ဟု ဒေါက်တာထွန်းအောင်ကြည်ကပြောသည်။
မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှစပြီး ခွေးရူးပြန်ကာကွယ်ဆေး ပြတ်လပ်ခဲ့သဖြင့် မိမိအစီအစဉ်ဖြင့် ဝယ်ယူထိုးနှံရမည်ဟု ဆေးရုံအုပ်ကြီးမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မော်လမြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သန့်ရှင်းရေးဌာန ဒုဦးစီးမှူး ဦးဝေယံကျော်က ခွေးလေခွေးလွင့်များကို ရပ်ကွက်က တောင်းဆိုလာလျှင် အဆိပ်ကျွေးပြီး နှိမ်နင်းလျက်ရှိကြောင်း အောက်တိုဘာလဆန်းက ဟင်္သာမီဒီယာသို့ပြောခဲ့သည်။
စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.