ဝေယံဘုန်း

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ကတည်းက ရေးချင်ခဲ့ပေမဲ့ အခုမှ ရေးဖြစ်ပါတယ်။ အစကတော့ မရေးတော့ဘူးလို့ပါပဲ။ ကိုယ်က ကာယကံရှင်ဖြစ်နေတော့ ရေးလို့မကောင်းဘူး ထင်လို့ပါ။ ဖြစ်နိုင်ရင် တခြားလူတစ်ယောက်ယောက်ကို ရေးစေချင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေအချို့က ရေးဖို့တိုက်တွန်းတာကြောင့်ရော၊ ကိုယ့်ကိုယ်ကိုယ်လည်း တတိယလူနေရာက နေပြီး ရေးနိုင်မယ်ထင်တာကြောင့်ရော ရေးတာပါ။ တခြားမဟုတ်ပါဘူး၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ၂၀၁၈ ခုနှစ်အတွက်ချီးမြှင့်တဲ့ အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားတက်ခဲ့တဲ့ အတွေ့အကြုံကနေ တွေးမိတာတွေပါ။

ကျွန်တော့်ဘဝမှာ အမျိုးသားစာပေဆုပေးပွဲကို ပထမဆုံးအကြိမ် တက်ဖူးတာဖြစ်ပါတယ်။ ဧည့်သည် အနေနဲ့လည်း တစ်ခါမှ မတက်ဖူးတဲ့အတွက် အရင်နှစ်အခမ်းအနားများအကြောင်းကိုတော့ မသိပါ။ ဒီနှစ်ကတော့ ထူးခြားချက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တက်တယ်။ သမ္မတတစ်ဦးတက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်။ လုံခြုံရေးတင်းကျပ်စွာ ချထားတယ်။ တတ်နိုင်သမျှ ခမ်းနားအောင် ပြင်ဆင်တယ်။ အောင်မြင်စွာပြီးမြောက်ပါတယ်ပေါ့။ ဒါပေမဲ့ အခမ်းအနားကျင်းပသွားပုံကိုကြည့်ပြီး စိတ်ထဲမှာ ပြောချင်တာလေးတွေ ဖြစ်လာပါတယ်။ အခမ်းအနား အောင်အောင်မြင်မြင်ပြီးမြောက်သွားခဲ့ပေမဲ့ အခမ်းအနားရဲ့ တကယ့်မူလရည်ရွယ်ချက်၊ တကယ့်အနှစ်သာရတွေရော ပြည့်မြောက်ရဲ့လားလို့ပေါ့လေ။

အခမ်းအနားမစခင်

အခမ်းအနားမစခင် သမ္မတကြီးနဲ့ ပြန်ကြားရေးဝန်ကြီးအပါအဝင် အရာရှိကြီးများက တစ်သက်တာ စာပေဆုရ ဆရာကြီးနှစ်ဦးနဲ့ သီးခြားအခန်းတစ်ခန်းမှာ စကားလက်ဆုံကျပါတယ်။ ကျွန်တော်တို့လို ကျန်တဲ့ စာပေဆုရှင် ၁၀ ဦးက အပြင်ကနေ အဆင်သင့် စောင့်နေရပါတယ်။ မနက် ၉ နာရီထိုးခါနီးတော့မှ သမ္မတက သီးခြားအခန်းကနေ အပြင်ကို ထွက်လာပါတယ်။ အပြင်မှာခင်းကျင်းထားတဲ့ ဆုရစာအုပ်သစ်/ဟောင်းတွေကို ကြည့်ပါတယ်။ ပြီးတော့ အမျိုးသားစာပေဆုရှင်များက အခန်းအပြင် တံခါးဝမှာ တန်းစီပြီး သမ္မတကို ကြိုရပါတယ်။ သမ္မတက တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ဆုရှင်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရပါတယ်။ ပြီးတော့ ခင်းကျင်းပြသထားတာတွေကိုကြည့်ပြီး ခန်းမထဲကိုဝင်သွားပါတယ်။ ပြီးတော့မှ ကျန်တဲ့သူတွေက နောက်ကနေလိုက်ဝင်ပေါ့။

ကျွန်တော့်စိတ်ထဲ ဒီအခမ်းအနားဟာ စာပေဆုရှင်တွေကို ကြိုဆိုမှာလား၊ သမ္မတ (သမ္မတမဟုတ်လည်း ကြွရောက်ချီးမြှင့်တဲ့ အကြီးဆုံးရာထူးရှင်ပေါ့) ကို ကြိုဆိုမှာလား မသဲကွဲပါဘူး။ မြန်မာ့အစဉ်အလာအရ သက်ကြီးဝါကြီးကို ခရီးဦးကြိုပြုရတယ်ဆိုတဲ့ အမြင်နဲ့ အကြီးအကဲကိုကြိုဆိုခိုင်းတာလားတော့ မပြောတတ်ပါ။ သမ္မတတက်ရောက်ချီးမြှင့်တာ ဝမ်းသာစရာကောင်းတာပေါ့။ ဒါပေမဲ့ ဆုရှင်တွေဟာ ဂုဏ်ပြုဆု ချီးမြှင့်ခံဖို့ ပွဲလာတက်ရတာလား၊ ‘ဆုရှင်တွေဖြစ်နေတဲ့အတွက် သမ္မတကြီးကို လက်ဆွဲနှုတ်ခွင့်ရတဲ့ အထူးအခွင့်ကို ရတဲ့နေ့’ အဖြစ်နဲ့ လာရောက်ရတာလား မပြောတတ်တော့ပါ။ ဆုရှင်တွေကို နှုတ်ဆက် ပြီးတော့ သမ္မတနဲ့တကွ ဝန်ကြီးဝန်ကလေးများက အထဲဝင်သွားပါတယ်။ ဒီနေရာမှာ အခြားသောနိုင်ငံတကာ ဆုပေးပွဲများရဲ့ ဆုရပုဂ္ဂိုလ်၊ အောင်မြင်မှုရတဲ့ ပုဂ္ဂိုလ်တွေကို ကြိုဆိုပုံနဲ့ နည်းနည်းကွာတယ်လို့တော့ ထင်တာ ပါပဲ။ နိုဘဲ (Nobel) ဆု၊ ရေမွန်မက်ဆိုင်းဆိုင်း (Ramon Magsaysay) ဆု စတဲ့ နိုင်ငံတကာဆုပေးပွဲတွေမှာတော့ ဧည့်ပရိသတ်က အရင်နေရာယူပြီး ဆုရှင်တွေကို ဖိတ်ခေါ်မှ ခန်းမထဲကို တန်းစီဝင်လာကြပါတယ်။ ဧည့်ပရိသတ်က မတ်တပ်ရပ်ပြီး (ဆုရှင်တွေကို) ကြိုဆိုကြပါတယ်။ ဘောလုံးပွဲတွေမှာ ရာသီမကုန်မီ ဖလားရသွားတဲ့အသင်းကို လက်ကျန်ပွဲတွေမှာ သူနဲ့ကန်ရမယ့်ပြိုင်ဖက် အသင်းက ကွင်းအတွင်းကြိုတင်နေရာယူပြီးမှ ချန်ပီယံအသင်းကို လက်ခုပ်တီးပြီး ကြိုဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ချီးမြှင့်ပွဲနေ့တုန်းကလည်း ပရိသတ်က မတ်တပ်ရပ်ပြီးကြိုဆိုပါတယ်။ ဆုရှင်တွေကိုတော့ မဟုတ်ပါဘူး။ ခန်းမထဲဝင်ရောက်လာတဲ့ သမ္မတနဲ့တကွ ကြီးကြီးမာစတာများကိုပါ။

အခမ်းအနားစပြီ

ဆုချီးမြှင့်တဲ့ စင်မြင့်ရှေ့အနီးဆုံးအတန်း (VVIP) မှာ သမ္မတနဲ့ တစ်သက်စာစာပေပညာရှင်ဆုရသူ ဆရာကြီးနှစ်ဦး ထိုင်ပါတယ်။ ပြန်ကြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အချို့လည်း ထိုင်မယ်ထင်ပါတယ်။ ပြီးရင် ဒုတိယနဲ့ တတိယတန်း VIP ခုံတွေမှာ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းအဆင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်အချို့ကိုတွေ့ပါတယ်။ လေးတန်းမြောက် ကစပြီး အမျိုးသားစာပေဆုရသူတွေနဲ့ စာပေဗိမာန် ဆုရသူတွေ အစဉ်အတိုင်း ထိုင်ရပါတယ်။ သူတို့ရဲ့နောက်တန်းတွေမှာတော့ တခြားဧည့်ပရိသတ်တွေပေါ့။ ဆုရှင်တွေရဲ့ ခုံတွေနဲ့ နောက်ပိုင်းက ဧည့်ပရိသတ်ထိုင်တဲ့ခုံတွေကတော့ အမျိုးအစားအတူတူပါပဲ။ VIP ခုံတွေမဟုတ်ပါဘူး။ သမ္မတနဲ့ တစ်သက်စာစာပေဆုရှင် ဆရာကြီးနှစ်ဦး၊ နောက်ပြီး ဆုချီးမြှင့်ရေးအဖွဲ့မှာပါတဲ့ဆရာ၊ ဆရာမကြီးတွေကို ရှေ့ဆုံးတန်းမှာ နေရာချတာ အတွက် ပြောစရာအထူးမရှိပါ။ သူတို့ရဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာအားလျော်စွာ အထူးနေရာ ပေးသင့်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ဘာဘာညာညာတွေကတော့ အထူး VIP များအဖြစ် ရှေ့နှစ်တန်းမှာ ဘာလို့ မိန့်မိန့်ကြီးထိုင်နေသလဲ မသိပါ။ ဒီပွဲက သူတို့ကိုချီးမြှင့်တဲ့ပွဲလည်း မဟုတ်။ သူတို့က စာရေးဆရာတွေ၊ စာပေပညာရှင်တွေလည်းမဟုတ်။ ဒီပွဲမှာ တကယ် ဂုဏ်ပြုခံရမယ့်ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့နောက်ဘက်၊ လေးတန်းမြောက်မှာပေါ့။

အခမ်းအနားအစီအစဉ်အရ ဝါအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတက အမှာစကားပြောပါတယ်။ အသင့်ရေးပေးထား တာကို ဖတ်ပြတာပါပဲ။ မိန့်ခွန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အမျိုးသားစာပေဆုကို ၁၉၆၀ ကာလများ ကနေစလို့ သမိုင်းနဲ့ချီပြီး ပြောသွားတာဖြစ်ပါတယ်။ ဘာဖြစ်လို့ သမ္မတမိန့်ခွန်းထဲမှာ အမျိုးသားစာပေဆုသမိုင်းကို ဇာတ်စုံခင်းပြ၊ ရေးပေးထားသလဲ စဉ်းစားမရပါ။ သမ္မတအနေနဲ့ စာပေမြင့်မှလူမျိုးတင့်မည်တို့ ဘာတို့လို ဩဝါဒတွေနဲ့ ပရိသတ်ကို လက်ချာရိုက်စရာလည်း မလိုပါ။ ကျွန်တော့်အနေနဲ့ကတော့ အမျိုးသားစာပေဆုချီးမြှင့်ပွဲကို ပထမဆုံးလာတက်ရောက်တဲ့ သမ္မတ တစ်ယောက်အနေနဲ့ ဘာကြောင့် ခုလိုလာတက်ရတယ်၊ ဘာကြောင့် ဒီအခမ်းအနားကို ကြွရောက်ချီးမြှင့်ဖို့ ဆုံးဖြတ်ရတယ်ဆိုတာကို ကြားချင်မိတာပါ။ မြန်မာနိုင်ငံရဲ့စာပေလောက ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရရဲ့ စိတ်ကူးက ဘယ်လိုရှိတယ်၊ရေတိုရေရှည်မူဝါဒတွေ အစီအမံတွေ ဘာတွေရှိပါတယ်ဆိုတာကို သမ္မတဆီကနေ ပိုကြားချင်မိတာပါ။ တစ်ခါလာ မွဲပြာပုဆိုး အတိတ်ကိုပြန်ဆောင်လို့ သမိုင်းတွေ ပြန်ရွတ်ပြနေတာထက်စာရင် အတိတ်ကနေ ဘယ်လိုသင်ခန်းစာတွေယူ၊ ဘယ်လိုလေ့လာစရာတွေ ရှိခဲ့သလဲဆိုတာကို မီးမောင်းထိုးပြတာမျိုးဆိုရင်ဖြစ်ဖြစ် ပိုကောင်းမလားလို့ပါ။ မိန့်ခွန်းရေးပေးသူ (များ) ကို ဆရာလုပ်တယ်လို့တော့ မမြင်စေလိုပါ။ ပိုကောင်းစေလိုလို့ပါ။

ပြီးတော့ ဆုပေးပါတယ်။ တစ်ဦးချင်းစီ နာမည်ခေါ်တာနဲ့ စင်ပေါ်ကို တက်ယူရပါတယ်။ ဆုပေးမယ့်ပုဂ္ဂိုလ်ဆီ မရောက်ခင် တစ်ပေအကွာလောက်မှာ အမှတ်အသားပြထားပါတယ်။ အဲဒီနေရာကျရင် ဆုပေးသူ၊ ယူသူ နှစ်ဦးစလုံးက ဦးညွတ်ဂါရဝပြုရမယ်လို့ ဇာတ်တိုက်ထားပါတယ်။ ခါးညွတ်စရာဘာလိုလို့လဲ၊ ပြုံးပြလိုက်ရင် ပြီးပြီမဟုတ်လားလို့တော့ တွေးမိပါသေးတယ်။ မိမိအလှည့်မှာ ခါးမညွတ်ပေမဲ့ ခေါင်းလေးတော့ ညွတ်ပြလိုက်ပါတယ်။ သတိပြုမိတာတစ်ခုက ဆုပေးမယ့်ပုဂ္ဂိုလ်တစ်ခါပြောင်းတိုင်း အဲဒီ ပုဂ္ဂိုလ်ဟာ စင်ပေါ်မတက်ခင် သမ္မတကို ဦးညွတ်ပြီးမှ စင်ပေါ်တက်၊ သူ့အလှည့်ပြီးတော့တစ်ခါ သမ္မတကို ဦးတစ်ခါ ပြန်ညွတ်ပြီးမှ ပြန်ဆင်းတာပါပဲ။ ကျွန်တော်တို့ဆီမှာ ဂါရဝတွေ အရိုအသေတွေပေးနေရတာကလည်း များလိုက်တာ။

အထွေထွေ

ဆုရပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့မှတ်ချက်တွေကို ဖတ်ပြတာ၊ ကိုယ်ရေးအကျဉ်းတို့၊ ထင်ရှားတဲ့ ဘဝပုံရိပ်တို့ကို ပရိုဂျက်တာနဲ့ထိုးပြတာတွေတော့ မရှိပါ။ ဆုရွေးချယ်ရေးအဖွဲ့ အစီရင်ခံစာ စာအုပ်ငယ်ကိုတော့ လူတိုင်းကို တစ်ယောက်တစ်အုပ်စီ ဝေပါတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ပါပေါ့။ အခမ်းအနားမှာတော့ ထည့်ကြေညာမသွားပါဘူး။ ဆိုတော့ ဒီပုဂ္ဂိုလ်တွေကို ဘာကြောင့် ဂုဏ်ပြုရတယ်ဆိုတဲ့ အပိုင်းက ဒီအခမ်းအနားကြီးရဲ့ အစိတ်အပိုင်းအဖြစ် ရှိမနေတော့ဘူး။

ကျွန်တော့် စိတ်ထဲမှာ ငယ်ငယ်က မူလတန်းကျောင်းမှာ ဆုတက်ယူခဲ့ရတုန်းက မြင်ကွင်းတွေကို အမှတ်ရမိပါတယ်။ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြော၊ ကလေးတွေကို တစ်ယောက်ချင်းစီ ခေါ်ပြီး ဆုပေးတယ်။ လက်ခုပ်တွေတီးကြတယ်။ မိဘဆရာအသင်းနှစ်ပတ်လည် အစီရင်ခံစာနဲ့ အမှုဆောင်သစ် ရွေးကောက်ပွဲဆိုလား ထုံးစံအရကျင်းပါတယ်။ (တကယ်က မိဘဆရာအသင်းဆိုတာကလည်း နာမည်ခံပါပဲ။ ကြိုဇာတ်တိုက်ထားပြီး တစ်ယောက်က အဆိုတင်၊ မိဘတွေထဲက တစ်ယောက်က ထပြီးထောက်ခံတာမျိုး။) ဆုချီးမြှင့်ပွဲရဲ့အနှစ်သာရက ပျောက်နေပါတယ်။ ဆုရကျောင်းသား/ကျောင်းသူတွေထက် တခြားသော ကိစ္စတွေကသာ လွှမ်းမိုးပါတယ်။ ခု အမျိုးသားစာပေဆုပေးပွဲမှာလည်း ဒီလို ခံစားချက်ပြန်ရပါတယ်။ ဆုရှင်တွေရဲ့အခန်းကဏ္ဍက မပေါ်လွင်ပါ။ လူကြီးတွေက ကလေးတွေကို ‘တော်တယ် ဆက်ကြိုးစား’ ပုံစံနဲ့ ပြုံးပြုံးကြီးဆုပေးသလိုမျိုးနဲ့ ခပ်ဆင်ဆင်။

အခမ်းအနားကျင်းပဖို့ တာဝန်ယူခဲ့တဲ့ ပြန်ကြားရေးဝန်ထမ်းတွေ၊ စာပေဗိမာန်ဝန်ထမ်းတွေအနေနဲ့ အောင်အောင် မြင်မြင်ပြီးဆုံးအောင် လုပ်သွားနိုင်တာချီးကျူးစရာပါ။ ဒီအတွက် သူတို့ နေ့မအိပ် ညမအိပ် အချိန်ယူကြိုတင်ပြင်ဆင်ခဲ့ရမှာပါ။ နိုင်ငံတော်အဆင့် အခမ်းအနားတစ်ရပ် ကျင်းပရတာ မလွယ်မှန်း ကျွန်တော်တို့ သိကြပြီးသားပါ။ မပြီးမချင်း စိတ်ဖိစီးမယ်၊ ပြီးသွားမှပဲ အလုံးကြီးကျသွားခဲ့ကြမှာမျိုးပါ။ ပွဲစီစဉ်တဲ့ အောက်ခြေဝန်ထမ်းတွေကို ချီးကျူးထိုက်ပါတယ်။ ဒါပေမဲ့ ဒီအခမ်းအနားမျိုးကို ဒီထက် ပိုပြီး အဓိပ္ပာယ်လေးရှိစေချင်ပါတယ်။ ပိုပြီး သက်သောင့်သက်သာ ပေါ့ပေါ့ပါးပါးနဲ့ အမှတ်ရရဖြစ်သွားတာမျိုး မြင်ချင်မိပါတယ်။ ရှင်ဘုရင်ခေတ်ကလို ‘ဘဝရှင်မင်းတရားကြီးက နှစ်ထောင်းအားရတော်မူလို့ အမောင် သူရဲကောင်း ရှေ့တော်မှောက်ဝင်ကာ ရွှေစလွယ်၊ ရွှေဓားစတဲ့ ဆုတွေလက်ခံယူစေ’ ပုံစံမျိုး အခမ်းအနား မဖြစ်စေချင်ပါ။ ကျွန်တော်တို့လူမျိုးရဲ့ ဘာကိုအဓိကထားမှာလဲဆိုတဲ့ အတွေးအခေါ်ကို ပြောင်းစေချင်တာမျိုးပါ။ စာပေဆုမှမဟုတ်ပါဘူး၊ ဘာအခမ်းအနားပဲလုပ်လုပ်၊ ငါတို့ ဒီပွဲလုပ်တာ ဘာအတွက်လဲ၊ ဘယ်သူ့အတွက်လဲ၊ ဘယ်သူ့ကိုအဓိကနေရာထားရမှာလဲဆိုတဲ့ အမြင်ရှုထောင့်လေး ပြတ်သားစေချင်တာမျိုးပါ။

ကျွန်တော် ဘေးလူတစ်ယောက်နေရာကနေ ရေးကြည့်တာပါ။ ဆုရသူ ကာယကံရှင်နေရာက ရေးတာမဟုတ်ပါ။ ဆုရသူတွေထဲမှာ ကျွန်တော်မပါခဲ့ရင်လည်း ဧည့်သည်တစ်ယောက်အနေနဲ့ ဒီအမြင်မျိုး ကျွန်တော် မြင်မိမှာ၊ ရေးမိမှာပါပဲ။ နောင်နှစ် နောင်နှစ်များမှာ ဘယ်သူပဲ ဆုရရ၊ ဘယ်သူ့ကိုပဲ ဘာအတွက် ဂုဏ်ပြုဂုဏ်ပြု၊ ဂုဏ်ပြုခံ ပုဂ္ဂိုလ် တစ်နည်းပြောရရင် VIP ပုဂ္ဂိုလ် မမှားစေချင်တာပါ။ အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ်။

အချိန်ရရင်တော့ အောက်မှာပြထားတဲ့ မကြာခင်ကကျင်းပတဲ့ နိုဘဲဆုချီးမြှင့်ပွဲ Nobel Prize Award Ceremony ကို ကြည့်ရှုစေချင်ပါတယ်။

Myanmar Now(ဝေယံဘုန်းသည် ၂၀၁၈ ခုနှစ်အတွက် အမျိုးသာစာပေဆု (ဘာသာပြန်ရသဆု) ရခဲ့သူဖြစ်သည်။)

Leave a Reply