တိုကျို ဧပြီ ၃၀

ဂျပန်ဘုရင် အာခီဟီတိုဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ နာမကျန်းဖြစ်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလ ၂၉ရက်နေ့မှာတော့ ထီးနန်းအရိုက်အရာကို သားဖြစ်သူကို လွှဲပြောင်းပေးခဲ့ပြီဖြစ်ပါတယ်။

ပဒေသရာဇ်လက်ကျန် ဘုရင်စနစ် ထားရှိတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာလည်း တစ်နိုင်ငံဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပဒေသရာဇ်စနစ်အရ ဘုရင်ဖြစ်သူ နတ်ရွာစံမှသာ ထီးနန်းလွှဲပြောင်းလေ့ရှိပေမဲ့ ယခုအခါမှာတော့ ဘုရင်ကိုယ်တိုင် သက်ရှိထင်ရှားရှိလျက် သားဖြစ်သူ နာရူဟီတိုကို လွှဲပြောင်းပေးခဲ့တာကြောင့် နှစ် ၂၀၀အတွင်းမှာ ပထမဆုံးအနေနဲ့ ဒီလို ပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ထီးနန်းလွှဲပြောင်းပေးခဲ့တာကြောင့် ဘုရင် အာခီဟီတိုရဲ့ နန်းသက်ဟာ ဧပြီလ ၂၉ရက်နေ့ ည ၁၂ နာရီမှာကုန်ဆုံးခဲ့ပြီး ၃၀ ရက်နေ့ကစလို့ ဘုရင်အသစ် နာယူဟီတိုရဲ့ သက်တမ်းကို ရောက်ရှိသွားခဲ့ပါတယ်။

“ဂျပန်ပြည်သူတွေကို အထူးလေးစားစွာနဲ့ မေတ္တာပို့သ ဆုမွန်ကောင်း တောင်းအပ်ပါတယ်”လို့ ဂျပန်ဘုရင် အာခီဟီတိုက ထီးနန်းလွှဲပြောင်းပွဲမှာ ပြောခဲ့ပါသေးတယ်။

ထီးနန်းလွှဲပြောင်းချိန်မှာ ဂျပန်ဘုရင်အာခီဟီတိုရဲ့ အသက် ၈၅နှစ်အရွယ်ရှိပြီဖြစ်ပြီး နန်းသက်ကတော့ နှစ်ပေါင်း ၃၀ရှိနေပြီ ဖြစ်ပါတယ်။

ဘုရင်တစ်ပါးနတ်ရွာစံမှ တစ်ပါးကို နန်းတင်တာဟာ ဘုရင်စနစ်ကို နှောင့်နှေးစေရုံသာမက ဘုရင်ရဲ့ ယခင်အတွေ့အကြုံတွေကို နောက်မျိုးဆက်ဘုရင်ကို လက်ဆင့်ကမ်းပြောပြဖို့ ခက်ခဲသွားမှာကြောင့် ယခုလို ထီးနန်းလွှဲပြောင်း ဆက်ခံစေခဲ့တယ်လို့ သိရပါတယ်။

“ဘုရင်အသစ်ကို နောက်ကွယ်ကနေ ဖခင်တစ်ယောက်အနေနဲ့ အကြံပေးနိုင်ဖို့ ကျနော်အမြဲအိပ်မက်မက်ခဲ့တာကြောင့် အခုလို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်”လို့ ထီးနန်းအရိုက်အရာကို လွှဲပြောင်းနှင်းအပ်ခဲ့သူ ဂျပန်ဘုရင် အာခီဟီတိုက ပြောပါတယ်။

Ref: NHK

Leave a Reply