Advertisements
ကရင်ပြည်နယ် အတွင်း ကျောင်းသူ ကျောင်းသား များအား ဂျပန် ဦးဏှောက်ရောင် ကာကွယ်ဆေး ထိုးပေး နေစဉ်

နိုဝင်ဘာ ၁၆ ၊ ၂၀၁၇။

တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဂျပန် ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားမှု အများဆုံး ပြည်နယ်နှင့် တိုင်းများတွင် ကရင်ပြည်နယ် ပါဝင် နေပြီး ၂၀၁၆-၁၀၇ နှစ်နှစ်တွင် ထိုရောဂါကြောင့် သေဆုံးသူ (၇) ဦး ရှိခဲ့ကြောင်း ကရင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ များထံမှ သိရှိ ရသည်။

“ကရင်ပြည်နယ်ဟာ ဂျပန် ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားမှု အများဆုံး အုပ်စု ထဲမှာ ပါဝင်တာကို တွေ့ရပါတယ်။ အသက် ၅ နှစ် ကလေးငယ် တွေမှာ အများဆုံး ဖြစ်ပါတယ်၊ ကူးစက် ရောဂါ တစ်ခု ဖြစ်ပြီး ကြက်၊ ဝက်၊ ကျွဲ၊ နွား စတဲ့ တိရိစ္ဆာန် တွေက တဆင့် ကူးစက် ဖြစ်ပွား တတ်ပါတယ် ” ဟု ကရင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမင်းက ပြောဆိုသည်။

၂၀၁၆ ခုနှစ် စာရင်း အရ ကရင်ပြည်နယ်တွင် ရောဂါပိုး တွေ့ရှိ၍ ကုသမှု ခံယူသူ ၅၁ ယောက်ရှိ ခဲ့ပြီး ၃ ဦး သေဆုံး ခဲ့ပြီး ၂၀၁၇ ခုနှစ် ယခု ၁၀ ပိုင်း အထိ စာရင်းများ အရ ၁၂၃ ဦး သံသယ လူနာ အဖြစ် ဖြစ်ပွားပြီး ၃၅ ဦး ရောဂါပိုး တွေ့ရှိ ခဲ့ကာ ၄ ဦး သေဆုံး ခဲ့ရပြီး ဖြစ်သည်။
ကရင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ် အနက် လှိုင်းဘွဲ့ မြို့နယ်တွင် အဖြစ ်အများဆုံး ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာန မှတ်တမ်း စာရင်းများ အရ သိရသည်။

ယခု ရက်သတ္တပတ်သည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဂျပန် ဦးဏှောက်ရောင် ကာကွယ်ဆေး စတင် ထိုးနှံပေး နေသည့် အချိန် ဖြစ်သည့် အားလျော်စွာ ကရင်ပြည်နယ် အတွင်း တစ်ပြည်နယ် လုံးရှိ မြို့နယ် ခုနှစ် မြို့နယ် အတွင်း ကျောင်းပေါင်း ၁၆၇၁ ကျောင်းတွင် ကျောင်းသား/သူပေါင်း (၃) သိန်းကျော်နှင့် ကျေးရွာပေါင်း ၂၀၀၀ ကျော်မှ လူဦးရေပေါင်း တစ်သိန်းခွဲ ကျော် စုစုပေါင်း လူဦးရေ (၅) သိန်း နီးပါးအား ကာကွယ်ဆေး ထိုးနှံ ပေးသွားရန် စီစဉ် နေကြောင်း ကျန်းမာရေး ဌာန စီမံချက် အရ သိရှိ ရသည်။

“ကျွန်တော့ ကလေးနှစ်ယောက် ကိုတော့ သူတို့ကျောင်းကနေ တဆင့်ပဲ ကာကွယ်ဆေး ထိုးဖြစ် ပါတယ်၊ ရောဂါ အကြောင်းတော့ အသေးစိတ်တော့ မသိဘူး၊ ဒါကို အသိပညာပေး အနေနဲ့ ရှင်းပြ တာတွေ ဆောင်ရန် ရှောင်ရန်တွေ မိဘ တွေကို ရှင်းပြ စေချင်တယ်။ ဘာပဲဖြစ်ဖြစ် ရောဂါ မဖြစ်ခင် ကာကွယ်တာ ဆိုတော့ ပုံမှန် ကာကွယ် ဆေးရော ဒီဆေးကိုရော ထိုးဖို့ ကလေးတွေကို ပုံမှန် ကျောင်းကို ပို့ပေး ဖြစ်ပါတယ်” ဟု ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျောင်းသားမိဘ ကိုစောအေး ကပြောဆိုသည်။

ထိုစီမံချက်တွင် တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင် အဖွဲ့ များ၏ ဒေသများ၊ အစိုးရ လက်လှမ်း မမှီသော ဒေသတွင် နေထိုင်သည့် ကလေးငယ်ပေါင်း နှစ်သောင်းနီးပါး၊ ကျေးရွာပေါင်း ၂၂၇ ရွာနှင့် တို့အားလည်း ကျန်းမာရေး ဦးစီး ဌာနမှ ငွေကြေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ ပေးမည် ဖြစ်ပြီး လက်နက်ကိုင် ထိန်းချုပ် အဖွဲ့မှ ၎င်းတို့ အစီအစဉ်ဖြင့် ထိုးနှံ နိုင်ရေး အတွက် စီစဉ် ထားကြောင်းလည်း ကျန်းမာရေး ဦးစီးဌာနက စီစဉ် ထားသည်။

ထိုကာကွယ်ဆေး ထိုးနံှခြင်း အစီအစဉ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ ၂၃ ရက်အထိ မထမ အသုတ် အဖြစ် နေရာအနှံ့ လုပ်ဆောင် သွားမည် ဖြစ်ပြီး ဆေးထိုးရန် ကျန်ရှိနေသော နေရာ ဒေသများကို ပြန်လည် စီစစ်ပြီး ၂၀၁၇ ဒီဇင်ဘာလ ၁၁ ရက်မှ ၂၀ ရက်အထိ ဒုတိယ အကြိမ် ထပ်မံ ထိုးနှံမည် ဖြစ်ကြောင်း သိရှိ ရသည်။

Written by – ရာဟု (ဘားအံ)

Leave a Reply