Advertisements

ပုသိမ်၊ အောက်တိုဘာ ၁၂ ရက်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ကလေးတစ်ဦးမှ မကျန်ရအောင် ထိုးပေးရန် အစိုးရအဖွဲ့များနှင့် ဝန်ကြီးဌာန အသီးသီးကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ပြုလုပ်သော နိုင်ငံတဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းတိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် မန်းဂျော်နီက တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Advertisements
data-language="en"

“ဧရိယာလွမ်းခြုံမှု အများဆုံးရရှိအောင် သွားရောက်ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အစိုးရအဖွဲ့များနဲ့ ဝန်ကြီးဌာနအသီးသီးက ကလေးတစ်ဦးမှ ကာကွယ်ဆေးထိုးဖို့ မကျန်ရလေအောင် ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ကို တိုက်တွန်းပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက ပြောသည်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးမည့် လုပ်ငန်းကို အစီအစဉ် ၂ ခုနှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမ အစီအစဉ်ဖြစ်သည့် ကျောင်းအခြေပြုကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက် အထိ ဒုတိယအစီအစဉ်ဖြစ်သည့် ပြည်သူအခြေပြုကာကွယ်ဆေးထိုး အစီအစဉ်ကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“လုပ်ငန်းပမာဏက ကြီးမားတယ် အရင်နှစ်တွေက ကာကွယ်ဆေးထိုးလုပ်ငန်းတွေ လုပ်ခဲ့တဲ့ အားနည်းချက် အားသာချက်တွေကို ပြည်သူတွေကို အသိပညာပေးပြီး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။”ဟု ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ အောင်ကျော်ထွေးက ပြောသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် သာမာန်ဦးနှောက်ရောင်ရောဂါများနှင့် မတူဘဲ ရောဂါစဖြစ်ဖြစ်ချင်း လက္ခဏာများမှာ မူးဝေအော့အန်ခြင်းများ ၆ ရက်ခန့်ဖြစ်ပြီးနောက် ၃ မိနစ်တစ်ခါ ၅ မိနစ်တစ်ခါ တက်ခြင်းနှင့် ရောဂါဖြစ်ပြီးလျှင် သေဆုံးသူ ပိုများကြောင်း အသက်ရှင်ကျန်ခဲ့သည့် ကလေးများမှာလည်း နောက်ဆက်တွဲ ဖြစ်သည့် မသန်စွမ်းတော့ခြင်း လူစဉ်မမီ ဖြစ်ကျန်ရစ်ခဲ့ကြကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် မြန်မာနိုင်ငံတွင် ကပ်ရောဂါအသွင်ဖြစ်ပွားတက်သည့် ခြင်ကတဆင့် ကူးစက် တက်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၃၉၄၀ ဦးအနက် ဂျပန်ဦးနှောက်ရောင်ရောဂါပိုးတွေ့ရှိသည့် လူနာ ၇၄၅ ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတဝန်းရှိ အသက် ၉ လမှ ၁၅ နှစ်အရွယ် ကလေးငယ် ၁၄ သန်းခန့်ကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးရန် အမေရိကန်ဒေါ်လာ ၁၅.၆ သန်းကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Written by – MMK

Leave a Reply