ဂျပန် ထိပ်တန်း ကားကုမ္ပဏီနှစ်ခုနဲ့ ပြင်သစ်ကားကုမ္ပဏီကြီးတို့ ပူးပေါင်း

ပဲရစ် မတ် ၁၁

ပြင်သစ်နိုင်ငံအခြေစိုက် နာမည်ကျော် ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Renault ဟာ ဂျပန်နိုင်ငံက လူသိများတဲ့ Nissan နဲ့ မစ်ဆူဘီရှီ ကားကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Renault ကုမ္ပဏီဘက်က တာဝန်ရှိသူတစ်ယောက်က မီဒီယာတွေကို တရားဝင်ပြောခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲပြီးတာနဲ့ ကုမ္ပဏီ ၃ခု ပူးပေါင်းပြီး လုပ်ငန်းစုတစ်ခုကို သီးသန့်ထူထောင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံမှာရှိတဲ့ ကားဈေးကွက်တွေကိုလည်း ပူးပေါင်းကုမ္ပဏီရဲ့ ဈေးကွက်ဖြန့်ချိရေး လက်အောက်ကို ရောက်လာဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ယခုဆွေးနွေးနေဆဲဖြစ်တဲ့ ကုမ္ပဏီ၃ခုအကျိုးတူပူးပေါင်းလုပ်ဆောင်မဲ့ကိစ္စဟာ ရာနှုန်းပြည့် အောင်မြင်လုနီးပါးဖြစ်နေပြီး အကျိုးအမြတ်နဲ့ ဈေးကွက်ဖြန့်ချိရေးနည်းဗျူဟာတွေကို ချမှတ်နေဆဲဖြစ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ ကြန့်ကြာနေတာဖြစ်တယ်လို့ Renault ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုံးချုပ်တွေကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တို့မှာ ဖွင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ပူးပေါင်းဆောင်ရွက်မှုကတော့ အောင်မြင်လုနီးပါးဖြစ်နေပါပြီ။ သဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့ပဲ ကျန်တော့တယ်”လို့ မစ်ဆူဘီရှီက ပြောရေးဆိုခွင့်ရှိသူ မစ္စတာဆာဝါနာကာက ပြောပါတယ်။

ပြင်သစ်နဲ့ ဂျပန်တို့ရဲ့ အဆင့်မြင့်ကားထုတ်လုပ်မဲ့နည်းပညာတွေကို ပူးပေါင်းထားတာကြောင့် ထုတ်လုပ်တဲ့ ကားတွေရဲ့ အရည်အသွေးဟာ ကမ္ဘာ့နိုင်ငံတွေမှာ ထိပ်ဆုံးကရပ်တည်လာမှာ လုံးဝသေချာတယ်လို့ မစ္စတာ ဆာဝါနာကာက ပြောပါတယ်။

မစ်ဆူဘီရှီနဲ့ နစ်ဆန်းကားကုမ္ပဏီတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြင်သစ်ကားကုမ္ပဏီ Renaultရဲ့ ကမ်းလှမ်းချက်ကြောင့် ပူးပေါင်းဖို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ထိပ်တန်း ဂျပန်ကားကုမ္ပဏီနှစ်ခုနဲ့ ပြင်သစ်ကားကုမ္ပဏီကြီးတို့ရဲ့ ပူးပေါင်းမှုဟာ လက်ရှိ ဂျပန်ဈေးကွက်မှာ ထိပ်တန်းပြေးနေတဲ့ တိုယိုတာနဲ့ ဟွန်ဒါဈေးကွက်ကို ကျော်ဖြတ်သွားနိုင်ဖို့ အလားအလာရှိနေတယ်လို့ လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။

ပူးပေါင်းဆောင်ရွက်ဖို့အတွက် အပြီးသတ်ဆွေးနွေးမှုကိုတော့ မတ်လကုန်မှာပြုလုပ်မှာဖြစ်ပြီး ဧပြီလ ပထမအပတ်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.