ဂျိုင်းမြစ်ကူးတံတားသစ် စီမံကိန်း မြေပြင်စမ်းသပ်ချက် စတင်လုပ်ဆောင်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တန်၆၀ခံနိုင်ဝန်ရှိ ဂျိုင်းမြစ်ကူးတံတားသစ်ကို လာမည့် ၂၀၂၁ ခုနှစ်၌ အပြီးတည်ဆောက်နိုင်ရန် ဂျပန်အခြေစိုက် JICA ဖောင်ဒေးရှင်းအနေဖြင့် မြေပြင်စမ်းသပ်စစ်ဆေးချက်လုပ်ငန်းများစတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

“ကော့ကရိတ်တံတားကတော့ မြေပြင်မြေသား ဆန်းစစ်ချက်တွေ၊ တံတား ဒီဇိုင်းတွေတော့ လုပ်နေတယ်။ ၂၀၁၈ ခုနှစ် လာမယ့် မေလ မှာ JACA ဖောင်းဒေးရှင်းက တင်ဒါ ခေါ်မယ်။ ဒီဇိုင်းစစ်မယ်။ ပြီးတော့ တင်ဒါအနိုင်ရတဲ့ ကုမ္ပဏီက ဆောက်မယ်”ဟု ဆောက်လုပ်ရေးဦးစီးဌာန၊ တံတားအထူးအဖွဲ့၁၄မှ အင်ဂျင်နီယာမှူး ဦးအောင်မိုးဇော်က ပြောသည်။

၂၀၂၁ မတ်လတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အာမခံသက်တမ်း နှစ်ပေါင်း(၁၀၀)ခံ တံတားဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် JACAတို့ စည်းဝေးပြောဆိုဆွေးနွေးချက်များအရ သိရသည်။

” ဂျိုင်းတံတား( ကော့ကရိတ်)အသစ်ဆောက်ဖို့ အပေါ်ကြိုးတံတားနဲ့ အောက် ဗောတံတား အကြားမှာ ရေစူးတိုင်းတာ၊ မြေစမ်းတာ၊ မြေကျင်းတူးတာတွေတော့ လုပ်နေပြီ။ အခု မြောင်းမြ တံတားကျိုးသွားတော့ ကိုယ့်ဒေသက တံတားလည်း ကျိုးပျက်မှာ ကြောက်တယ်။

တံတားသစ်မပြီးခင်တော့ ဒီတံတားဟောင်းတွေကို လာစစ်ဆေးကြစေချင်တယ်။ ဂျိုင်း/ကော့ကရိတ်တံတားက အောက်ဘောတံတားလည်းရှိတော့ သက်သာပေမယ့် ဇာသပြင် တံတားနဲ့ အတ္တရံ တံတားက ဘိလပ်မြေအိတ်ကား၊ကုန်ကား၊သစ်ကားတွေကြောင့် တံတားပေါ်မှာ ဆိုင်ကယ်တွေ၊ အိမ်စီးကားတွေ မောင်းရတာ အဆင်မပြေဘူး “ဟု ဖာအွန်ကော့ကျိုက်ကျေးရွာနေ မင်းမွန်ထောက ဆိုသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဆက်သွယ်ဖောက်လုပ်ထားသောဂျိုင်း/ကော့ကရိတ်၊ဂျိုင်း/ဇာသပြင်၊ မော်လမြိုင်/အတ္တရံတံတားများကို အသစ်ပြန်လည်ဆောက်လုပ်ရေးအတွက် ဧပြီလ ၄ရက်နေ့က ပြည်နယ်ဆောက်လုပ်ရေးရုံး အစည်းအဝေးခန်းမတွင် JICA ဖောင်ဒေးရှင်းမှ တာဝန်ရှှိသူများ၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတွေ့ဆုံကာ စီမံကိန်းအတွက် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တံတားတည်ဆောက်မည့် ဧရိယာတွင် ကနဦးပတ်ဝန်းကျင်ထိန်းသိန်းရေးဆိုင်ရာလေ့လာမှုနှင့် ထိခိုက်နစ်နာမှုများ၊ မြေပြင်ဆန်းစစ်ခြင်းများ လုပ်ဆောင်ရန် ကျေးရွာဒေသခံများ၊အရပ်ဖက်အဖွဲ့အစည်းများ နှင့်လည်း လူထုတွေ့ဆုံရှင်းလင်းပွဲများပြုလုပ်သွားမည်ဟု သိရသည်။

Written by ရာဟု(ဖားအံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်