ဂျိုင်းမြစ်ကူး ကြိုးတံတား ဖြတ်သန်းခွင့် တန်ချိန် ကန့်သတ်

ဘားအံ ၊ ဧပြီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဂျိုင်းမြစ်ကူး ကြိုးတံတား၏ ကမ်းနှစ်ဖက်၌ ဧပြီ ၁၉ ရက်မှ စ၍ တန်ပို စစ်ဆေးပြီး ယာဉ်၊ ကုန် အလေးချိန် ၁၃တန်အထက်ရှိ တန်ပိုယာဉ်များကို ပွန်တွန်းဘောတံတားမှသာ ဖြတ်သန်းစေမည်ဖြစ်ကြောင်း ပြည်နယ် ဆောက်လုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး စောသောင်းဟန်စိုးက ပြောသည်။

“ဒီတံတားကို ဧပြီ ၁၉ရက်က စပြီး ယာဉ်/ကုန် ၁၃တန်အောက် ယာဉ်တွေကိုပဲ ဖြတ်သန်းခွင့်ပြု မယ်ဆိုတာ ဧပြီ ၁၃ရက်ကတည်းက ကြေညာနှိုးဆော်ထားတယ်။ အခု ဧပြီ ၁၈ရက်ကနေစပြီး ကျွန်တော်တို့ ကြိုးတံတားနှစ်ဘက်မှာ တန်ပို စစ်ဆေးရေး ဂိတ်တွေ ချပြီး ၁၃တန် အောက်ကို တံတားပေါ်က ပေးဖြတ်ပြီး ၁၃တန်အထက်ကားတွေကိုတော့ တံတားအောက်ပွန်တွန်း ဘောတံတားကနေ ပေးဖြတ်ပါမယ်။ ဘောတံတားကတော့ ယာဉ်/ကုန် တန်၆၀ လောက် ခံနိုင်ဝန် ဖြတ်သန်းနိုင်ပါတယ် “ဟု ၎င်းကဆိုသည်။

ယင်းသည် ထိုင်း- မြန်မာ နယ်စပ်၊ ကုန်သွယ်ရေး လမ်းကြောင်းတွင် အဓိကကျသော တံတား တစ်စင်းဖြစ်ပြီး ယခင်က ယာဉ်နှင့် ကုန် ၂၅တန်အထက် တင်ဆောင်လာသော ကုန်တင်ယာဉ်များအား ကြိုးဆိုင်းတံတားအောက်ရှိ (ပွန်တွန်း) ဘောတွဲ တံတားမှသာ ဖြတ်သန်းခွင့်ပြုထားခဲ့သည်။

ဧပြီလ ၁ ရက်က မြောင်းမြ ကြိုးတံတား ပြတ်ကျခဲ့ပြီးနောက်ပိုင်း ကြိုးဆိုင်းတံတားများတွင် ယာဉ်/ကုန် အလေးချိန် လျှော့ချ၍ တင်ဆောင်ဖြတ်သန်းကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအဆင့်အနေဖြင့် စစ်ဆေး နှိုးဆော်လုပ်ဆောင်နေခြင်းဖြစ်သည်။

“မြောင်းမြ တံတားကျိုးကျသွားတော့ ကုန်ကားသမားတွေ နည်းနည်း ထိန်းသွားတယ်။ ကုန်တင်တာ၊ ကားမောင်းတာ၊ တံတားဖြတ်တာတွေ သိပ်မမောင်းကြတော့ဘူး။ ဖြစ်ရင် ကိုယ်ပဲ ခံကြ၊ သေကြတာဆိုတော့ ကိုယ့်အလုပ်ကိုယ် သတိထားတာ မမှားပါဘူး။ ကော့ကရိတ်/ဂျိုင်းတံတားက အောက်ဘက် ဘောတံတားရှိတော့ သိပ်ပြဿနာ မရှိဘူး။ ဇာသပြင်တံတားနဲ့ အတ္တရံ တံတားတွေက တော်တော်ရွဲနေပြီ၊ ခါရမ်းနေပြီ။ ဒါကိုလည်း ကြပ်မတ်လုပ်ဆောင်စေချင်တယ်”ဟု ကုန်တင်ယာဉ်မောင်း ကိုဇေယျာက ပြောသည်။

ကရင်ပြည်နယ်ရှိ ဂျိုင်းမြစ်ကူးတံတား(ကော့ကရိတ်)နှင့် မွန်ပြည်နယ်ရှိ ဂျိုင်းမြစ်ကူးတံတား(ဇာသပြင်)၊ အတ္တရံမြစ်ကူးတံတား(မော်လမြိုင်)စသည်တို့ကို လာမည့်နှစ်များတွင် အသစ်ပြန်လည်တည်ဆောက်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး

အေဂျင်စီ(JICA)အနေဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ စစ်တမ်းကောက်ယူမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

Written by ရာဟု (ဖားအံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.