Advertisements

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်တွင် ပြောင်းစိုက်တောင်သူများအနေဖြင့် ငမြောင်တောင်ပိုး (ဖော) ကျရောက်မှုရှိပါက ဆေးဖျန်းခြင်းထက် တောင်သူများကိုယ်တိုင် အနီးကပ်ကြီးကြပ်နှိမ်နှင်းပါကပိုမိုထိရောက်ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောသည်။

မွန်ပြည်နယ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုနည်းပါးပြီး၊ ဖူးစားပြောင်းသာ စိုက်ပျိုးမှုများသောကြောင့် ဖျက်ဆီးခံရသည့် ပြောင်းခင်းများ မရှိသေးကြောင်း ဆက်လက်ပြောသည်။

Advertisements
data-language="en"

“မွန်မှာတော့ ပျက်စီးမှုက မရှိသေးပါဘူး၊ အစေ့ထုတ်ပြောင်း စိုက်ဧက ကနည်းတယ်၊ ဖူးစားပြောင်းပဲ များတယ်၊ အဓိက လူနဲ့ နှိမ်နှင်းတာကတော့ အကောင်းဆုံးပဲ၊ ပေါင်းရှင်းမယ်၊ အော်ဂဲနစ်တွေကို ဖျော်ပြီး ပြောင်းပင် ပင်စည်ထဲ ထည့်မယ်ဆိုရင် ထိရောက်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အပတ်က သထုံမြို့နယ်ရှိ ပြောင်းခင်းများတွင် ငမြောင်တောင်(ဖော) ဖျက်ဆီးမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

သို့သော် သထုံတွင် ငမြောင်တောင်ပိုးပေါက် အနည်းငယ်သာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဖျက်ဆီးခံရခြင်းမရှိသေးကြောင်းနှင့် ငမြောင်တောင် (ဖော) သည်အစေ့ထုတ်ပြောင်းများကိုသာ အဓိက စားသောက်ဖျက်ဆီးလေ့ရှိပြီး အခွံမှ တစ်ဆင့် ပင်စည်ထဲသို့ ဝင်ရောက်ကာ ဖျက်ဆီးသောကြောင့် ပျက်စီးမှု ပိုမိုမြန်ဆန်လေ့ရှိကြောင်း ပြောသည်။

မွန်ပြည်နယ်တွင် ပြောင်းစိုက်ဧကသည် ဘီးလင်းတွင် ၇၈၅ ဧက၊ သထုံတွင် ၆၄ ဧက၊ ပေါင်တွင် ၂၃၈ ဧက၊ မော်လမြိုင်တွင် ၃၆ ဧက၊ ချောင်းဆုံတွင် ၂ဝ ဧက၊ ကျိုက်မရောတွင် ၁၄၆ ဧက၊ မုဒုံတွင် ၁၄၇ ဧကနှင့် ရေး၊ လမိုင်း၊ ခေါ်ဇာတို့တွင်၇၇ ဧက၊ စုစုပေါင်းပြောင်းစိုက်ဧက ၁၅၁၃ ဧကရှိကြောင်းသိရသည်။

တောင်သူများအနေဖြင့်လည်း သိသင့်သည်များကို လေ့လာကြရန်နှင့် သတိပေးချက်များ၊ လိုက်နာရမည့်အချက်များကိုစနစ်တကျလုပ်ဆောင်ပါက ကာကွယ်နှိမ်နှင်းနိုင်မည်ဟု မြင်ကြောင်း ချောင်းဆုံမြို့နယ်မှ ပြောင်းစိုက်တောင်သူ ကိုကျော်စွာဦးကပြောသည်။

“ငမြောင်တောင် ကျနေတယ်လို့တော့ ကြားတယ်၊ ဒါပေမဲ့ သေချာတော့ မသိသေးဘူး၊ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်၊ သက်ဆိုင်ရာဌာနတွေနဲ့ တောင်သူတွေ ပူးပေါင်းပြီးဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်၊ ငမြောင်တောင်ပိုးက အချိန်မရွေးဖြစ်နိုင်တာမို့ ပေါင်းရှင်းလင်းရေးကို ပုံမှန်လုပ်ဆောင်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ငမြောင်တောင် (ဖော)သည့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံတွင် အများဆုံး ကျရောက်ကာ ဧကပေါင်း ရာကျော် ဖျက်ဆီးခံနေရကြောင်း သိရပြီး၊ လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာနမှလည်း တောင်သူများကိုပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေကာ၊ တောင်သူများအနေဖြင့် အကူအညီလိုအပ်ပါက Call Center ဖုန်း ၀၆၇-၄၁၀၁၃၉ သို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply