Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၁၈

မွန်ပြည်နယ်ထုတ် ငရုတ်သီးမှုန့်များတွင်မှိုအဆိပ်ပါဝင်မှုနည်းပါးစေရန် ငရုတ်သီးခြောက်သိုလှောင်ခွင့်ပမာဏကို ကန့်သတ်လျှော့ချသွားမည်ဖြစ်ကြောင်း ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောကြားသည်။

“ငရုတ်သီးခြောက်တွေကို အများကြီး သိုလှောင်မယ်ဆိုရင် ကြာတော့မှိုတက်ပြီလေ။ တစ်လအတွင်း အမှုန့်လုပ်ဖို့ ငရုတ်သီးခြောက် ဘယ်လောက်လိုလဲပေါ့။ထုတ်လုပ်ဖို့လိုအပ်တဲ့ ငရုတ်သီးခြောက်ပမာဏကိုပဲ သိုလှောင် ခွင့်ပေးမှာပါ”ဟု ၎င်းက ပြောသည်။

FDAထောက်ခံချက်ရလုပ်ငန်းများအနေဖြင့် ငရုတ်သီးမှုန့်များကို ဈေးကွက်အတွင်းသို့ အဆင့်ဆင့်ထုတ်လုပ်ဖြန့်ချိရာတွင် မှိုအဆိပ ်ကင်း မကင်းကိုတိုက်ရိုက်ကြီးကြပ် စစ်ဆေးနေပြီး ဈေးကွက်နှင့် ကိုက်ညီသော သိုလှောင်မှုစနစ်ကို ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

ရာသီဥတုအခြေအနေ၊ပတ်ဝန်းကျင်အနေအထား၊သိုလှောင်ထိန်းသိမ်းမှုပုံစံ စသည်တို့၌ စနစ်မကျလျှင် ငရုတ်သီးမှုန့်များတွင် မှိုပေါက်ဖွားမှုနှုန်း များပြားလာပြီး မှိုဓာတ်ပါဝင်နေသည့် အမှုန့်များ အပြင်သို့ ရောက်သွားသောအခါအဆိပ်ဖြစ်သွားလေ့ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“နည်းစနစ်ကျတဲ့အဆင့်မြင့်သိုလှောင်မှုစနစ်က ကျွန်တော်တို့ နိုင်ငံမှာမရှိဘူး။ အဲဒီတော့ မှိုပေါက်ဖွားမှုကို အားပေးနေတဲ့ ပုံစံဖြစ်နေတယ်။ ကျွန်တော်တို့ဘက်ကလည်း သန့်ရှင်းတဲ့ထုတ်လုပ်မှုဖြစ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်”ဟု ဈေးကြိုရပ်၊ ကိုလှထွန်း အစိမ်းမှုန့်နှင့်ငရုတ်သီးမှုန့်လုပ်ငန်းမှထုတ်လုပ်ဖြန့်ချိရေး တာဝန်ခံက ပြောသည်။

သိုလှောင်ခွင့်လျှော့ချမှုနှင့်ပတ်သတ်၍ ဈေးကွက်လိုအပ်ချက်အပေါ် ပြန်လည်တွက်ချက်ရန်လိုအပ်သလို ထုတ်လုပ်မှုအပိုင်းတွင်လည်းအခက်အခဲရှိနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

မွန်ပြည်နယ်ဈေးကွက်တွင်ငရုတ်သီးမှုန့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူနှင့်အမှတ်တံဆိပ်များစွာရှိသော်လည်း FDAထောက်ခံချက်ရရှိထားသော လုပ်ငန်းမှာ ၇ဝ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply