Advertisements

ဘန်ကောက်။ ။

ထိုင်းစစ်အစိုးရသည် ပြည်သူများ၏ ဝင်ငွေ မညီမျှမှုကို ချိန်ညှိရန် ကြိုးစားသည့်အနေဖြင့် ငါးနှစ်အတွင်း ပထမဆုံးအနေဖြင့် အနည်းဆုံးလုပ်ခလစာကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အနည်းဆုံးလုပ်ခလစာကို လာမည့် ဧပြီလမှ စတင်၍ တိုးပေးသွားမည်ဖြစ်ကာ တစ်နေ့လုပ်ခကို နေရာဒေသလိုက်၍ ငါးဘတ်မှ ၂၂ ဘတ်အထိ တိုး၍ ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စတာ ဂျရင် ချက်ကဖတ်က ပြောသည်။

လက်ရှိ အနည်းဆုံးလုပ်ခလစာမှ နေရာဒေသကိုလိုက်၍ တစ်နေ့လျှင် ၃၀၈ ဘတ်မှ ၃၃၀ ဘတ်အထိ ရှိနေပြီး ၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်သည်။

‘လုပ်ခလစာတွေဟာ နေရာဒေသအလိုက် ကုန်ကျစရိတ်တွေနဲ့ စီးပွားရေး တိုးတက်မှုတွေအပေါ် မူတည်ပြီး မြင့်တက်သွားဖို့ လိုပါတယ်’ ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးလိုက်သည့်အတွက် ထိုင်းနိုင်ငံသည် မလေးရှား၊ ဖိလစ်ပိုင်တို့နည်းတူ အရှေ့တောင်အာရှတွင် လုပ်ခလစာအမြင့်ဆုံး ပေးသည့်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ အစိုးရကလည်း ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအမံများ လုပ်ဆောင်ရန်အတွက် ဘတ်ငွေ သန်း ၁၅၀ ကို သုံးစွဲသွားရန် ပြီးခဲ့သည့်အပတ် အစောပိုင်းက အတည်ပြုခဲ့သည်။

ပရာယွတ်ချန်အိုချာအနေဖြင့် လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် ဝန်ကြီးချုပ်လုပ်ရလောက်အောင် လူထုထောက်ခံမှု ရှိမရှိ ဝေဖန်သုံးသပ်နေကြစဉ်တွင် ယခုကဲ့သို့ ဝင်ငွေနည်းပြည်သူများအတွက် လုပ်ခလစာများ တိုးပေးလိုက်ခြင်းဖြစ်သည်။

အနည်းဆုံးလုပ်ခလစာ တိုးမြှင့်လိုက်ခြင်းကြောင့် ငွေကြေးဖောင်းပွမှုအပေါ် အနည်းငယ်သာ သက်ရောက်နိုင်ကြောင်း ဘန်ကောက်ရှိ Kasikorn Securities ကုမ္ပဏီ၏ စီးပွားရေးပညာရှင် ခမ်ပွန် အဒီရက်စွန်ဘက်က ပြောသည်။

ထိုင်းဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွဲမှုကို ၁ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ လျှော့ချရေးကြိုးပမ်းနေပြီး ၂၀၁၈ခုနှစ်တွင် ထိုရည်မှန်းချက်ပြည့်မီနိုင်ကြောင်း ခန့်မှန်းထားသည်။

Source: Straits Times

Advertisements
<

Leave a Reply