Advertisements

ကျားပိုက်ထောင်သော ဝါးဖောင်များ အနည်းငယ်ပြိုပျက်စပြုနေလေပြီ။ ထိုနဘေးတွင် ပေ ၃၀ အရှည်ရှိပြီး အစိမ်းရောင်ဖျော့ဖျော့ သုတ်လိမ်းထားသော ငါးဖမ်းလှေ (သမ္ဗန်)ကြီး ခြောက်စီးကလည်း အစီအရီ ရပ်နေကာ လှေ
ထောက်တင်ထားသည်။

ချောင်းဆုံမြို့နယ်တွင် ကမ်းဝေးငါးဖမ်းလုပ်ငန်း အဓိက လုပ်ကိုင်သော ဆယ်ပလာရွာမှ ရေလုပ်ငန်းရှင်များက သူတို့၏ လုပ်ငန်းအားလုံးရပ်ဆိုင်းထားသောကြောင့် လှေကြီးများသာမက လှေငယ်များပါ ကမ်းတွင် အစီအရီ ရှိနေခြင်းလည်းဖြစ်သည်။

ငါးရစ်တက်ချိန်ဖြစ်သော ဇွန်လမှ သြဂုတ်လကုန်အထိ ငါးဖမ်းလုပ်ငန်းများ ပိတ်သိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနကကြေညာထားခြင်းအပြင် မိုးရာသီကာလလည်းဖြစ်နေသောကြောင့် ဆယ်ပလာ ရွာသား ငါးလုပ်ငန်းရှင် အများစုလည်း ငါးဖမ်းလုပ်ငန်းအားလုံးရပ်နားထားသည်။

“ကျွန်တော်ကတော့ ငါးဖမ်းတဲ့ ရာသီချိန်ကုန်လို့ မထွက်ဖမ်းတော့ဘူး။ အစိုးရက အမိန့်ထုတ်မှ မဟုတ်ပါဘူး” ဟု ချောင်းဆုံမြို့နယ် ဆယ်ပလာကျေးရွာမှ အနှစ် ၂၀ ကျော် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်လာသူ ဦးကြည်သောင်းစိန်ကဆိုသည်။

ငါးရစ်တက်ချိန် ငါးမဖမ်းရမူဝါဒ

ယခင်က မြန်မာ့ပင်လယ်ပြင်နှင့် မြစ်ချောင်းများ တွင် ငါးရစ်တက်ချိန် ငါးမဖမ်းရရာသီအဖြစ်သတ်သတ် မှတ်မှတ်ထားရှိခြင်းမရှိသော်လည်း အစိုးရအပြောင်းအလဲနှင့် မူဝါဒအပြောင်းအလဲများဖြစ်ပေါ်ပြီးနောက် တွင် မြန်မာ့ငါးသယံဇာတကို ထိန်းသိမ်းရန် ရည်ရွယ်ပြီး ငါးရစ်တက်ချိန်
ကို ငါးမဖမ်းရကာလအဖြစ်သတ်မှတ် လိုက်သည်။

ယခုနှစ်တွင်မူ ထိုမူဝါဒကို ပိုမိုတင်းကျပ်လိုက်ပြီး  ငါးရစ်တက်ချိန်အတွင်း မြန်မာ့ပင်လယ်ပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းအားလုံးကို ဇွန် ၁ ရက်နေ့မှ သြဂုတ် ၃၁ ရက်နေ့အထိ ပိတ်ပင်ထားရန်ကြေညာခဲ့သည်။

ထိုနောက်တွင်မူ တစ်နိုင်တစ်ပိုင်ကမ်းနီးငါးဖမ်းခွင့်ကို ဒေသခံရေလုပ်သားအချို့ အဆင်ပြေစေရေးနှင့် ပြည်တွင်း ငါးဈေးကွက်အတွင်း၊ ငါး၊ ပုစွန်ပြတ်လပ်မည် စိုးရိမ်သဖြင့် ပြန်လည်ခွင့်ပြုခဲ့လေသည်။

ကမ်းနီးငါးဖမ်းရေယာဉ်ငယ်များအား သက်ဆိုင်ရာငါးလုပ်ငန်းဌာနမှ စနစ်တကျ စိစစ်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ကမ်းနီးအတွက် ငါးဖမ်းလှေ အလျားပေ ၃၀ အောက်နဲ့ အသုံးပြုစက်အင်ဂျင် ၂၅ ကောင်ထက်ကျော် လို့မရဘူး။ နောက် ငါးဖမ်းကိရိယာကိုလည်း လူနဲ့ပဲအသုံးပြုရမယ်။ ငါးလုပ်ငန်း ဥပဒေက ပြဋ္ဌာန်းထားတဲ့ တစ်လက်မအောက် ပိုက်တွေနဲ့ ဖမ်းခွင့်မရှိဘူး”ဟု မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်က ပြောသည်။

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ကမ်းနီးငါးလုပ်ငန်းရေပြင်များတွင် ငါး၊ ပုစွန်များ ဥချသားပေါက်ပွားရာ (Spawning Ground) နှင့် ၎င်းတို့ နေထိုင်ကျက်စားကြီးပြင်ရာ (Nursery Ground) များဖြစ်နေ၍ ကမ်းနီးဒေသ အတွင်း ငါး၊ ပုစွန်အရွယ်အစားများ သတ်မှတ်ချက်ထက်ကျော်လွန်နေပြီး ငါးဖမ်းစက်ကိရိယာ အသုံးပြုဖမ်းဆီး ပါက ငါးသယံဇာတနှင့် ဂေဟစနစ်များ ထိခိုက်နိုင်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မိမိဒေသရှိ သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ပူးပေါင်း၍ စနစ်တကျစိစစ်ဆောင်ရွက်ပေးရန် ညွှန်ကြားထားမှုများရှိကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေး၊ ငါးသယံဇာတထိန်းပေးသတိပေးတားမြစ်ချက်တွင် လျှပ်စစ်ရှော့တိုက်ခြင်း၊ ဆေးချခြင်း၊ မိုင်းခွဲခြင်းနှင့် တစ်လက်မအောက် ပိုက်ကွက်၊ ကွန်များဖြင့် ငါး၊ ပုစွန်များ ဖမ်းဆီးခွင့် မပြုထားကြောင်းသိရသည်။

အဆိုပါ တားမြစ်ချက်များ လိုက်နာမှုမရှိပါက ပြစ်မှုပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေ (၃၀၀,၀၀၀) သိန်းကျပ်အထိ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကွက်ပေါင်း ၁၄ ခုရှိပြီး ကမ်းဝေးငါးဖမ်းရေယာဉ် ၃၂၀ စီးရှိကာ ရေးမြို့နယ်၌ ကမ်းဝေးငါးဖမ်းရေယာဉ် ၁၉၅ စီး၊ သံဖြူဇရပ်မြို့နယ်၌ ၁၁၉ စီးနှင့် ချောင်းဆုံမြို့နယ်၌ ၆ စီးတို့သာရှိကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။

ယင်းနောက် မွန်ပြည်နယ်သံလွင်မြစ်အတွင်းရှိ ငါး၊ ပုစွန်ဖမ်းဆီးခွင့်မရှိသည့်ဇုန်အဖြစ် ခေါင်းဆေးကျွန်း၊ ကျိုက္ခမီရေ လယ်ဘုရား၊ ကျောက်ပုစွန်၊ ကင်းပုစွန်များ ပေါက်ဖွားသည့် သံဖြူဇရပ်မြို့ရှိ ကရင်တောင်၊ ရေးမြို့ကော့ဒွတ် ကျေးရွာရှိ ကျိုက်ပဝက်ဘုရား၊ ချောင်းဆုံမြို့ရှိ ကဏန်းဘေးမဲ့ဇုန်နှင့် သထုံမြို့ အောင်ကန်သာ ကျေးရွာအနားရှိ ကဏန်မျိုးထိန်းသိမ်းဇုန်နေရာ ၆ ခုသတ်မှတ်ထားသည်။

“ခုသတ်မှတ်ထားပြီး၊ အဲဒါတွေနဲ့ ပတ်သက်ပြီး ငါး၊ ပုစွန်သယံဇာတထိန်းသိမ်းဖို့ရော ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ လိုက်နာရမယ့် စည်းကမ်းတွေဖြစ်တယ်”ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့် က ဆိုသည်။

ငါးမဖမ်းရရာသီ၏ နောက်ဆက်တွဲဂယက်

ငါးရစ်တက်ချိန်တွင် ငါးဖမ်းလုပ်ငန်းများ ပိတ်ထားပြီး ငါး၊ ပုစွန်များရှားပါးသွားမှုကြောင့် မော်လမြိုင်မြို့၏ အကြီးဆုံးငါးဈေးကွက်ဟုဆိုနိုင်သော ကျောက်မီးသွေးရုံ သားငါးဒိုင် တွင်မူ ငါး၊ ပုစွန်နှင့် ရေလုပ်ငန်းဆက်စပ် ထွက်ကုန်များ အဆမတန် ဈေးမြင့်တက်နေသည်ဟု ငါး၊ ပုစွန်ရောင်း
ဝယ်သူများထံမှသိရှိရသည်။

“ငါးစျေးတွေ အဆမတန်မြင့်တက်နေတယ်။ အခုဆို ငါးတစ်ပိဿာကို နှစ်ထောင်လောက်တက်နေတယ်” ဟု ငါးပုစွန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးမောင်မောင် ကပြောသည်။

လက်ရှိအချိန်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းခွင့် ပိတ်ပင်ထားသော်လည်း ငါးပုစွန်ရောင်းဝယ်ခြင်းမှာ လျော့ကျသွားခြင်းမရှိဘဲ ပုံမှန်အနေအထား၌ပင်ရှိနေသေးကြောင်း ငါး၊ ပုစွန်လုပ်ငန်းရှင်များက ဆိုသည်။

“ချောင်းမြောင်းတွေက ငါးတွေလည်းမရတော့ ကုမ္ပဏီက ရေခဲရိုက်ထားတဲ့ငါး၊ ပုစွန်တွေပဲ ရောင်းဝယ်နေကြရတယ်။ ဒီအချိန်မှာ ငါးအပုပ်ရောင်းလည်း ကုန်သွားတာပဲ။ ရှိမှ မရှိဘဲ လက်လုပ်လက်စား ဆင်းရဲသားတွေဝယ်စားကြတာပေါ့။ စျေးမြင့်လည်းမြင့် ဝယ်နေရတာပဲ”ဟု ဦးမောင်မောင်က ဆိုသည်။

ထိုသို့ ဈေးကြီးမြင့် လာသည့်အပြင် မော်လမြိုင် ဈေးကွက်အတွင်း ငါးပုစွန် ရှားပါးသွားသည့်အတွက် ထိုင်းနိုင်ငံမှ ရေခဲရိုက်တင်သွင်းလာသော အေးခဲ ငါး၊ ပုစွန်များကို အရောင်းအဝယ်ပြုလုပ်စားသုံးနေကြရကြောင်း ငါးပုစွန်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ကိုယ့်နိုင်ငံအတွင်းမှာ စားသုံးဖို့ မဖူလုံတော့ ထိုင်း ၊ ဘန်ကောက်က တစ်ဆင့်ပြန်လာတာပေါ့။ အဲလို ထိုင်းဘက်ပြန်လာနေလို့ စားဖို့ နည်းနည်းရနေတာပေါ့” ဟု ငါးပုစွန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမောင်မောင် ကထပ်လောင်းပြောကြားသည်။

မွန်ပြည်နယ်အပါအဝင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ငါး၊ ပုစွန်အများစုမှာ တရားမဝင်တင်သွင်းလာမှုအများဆုံး ဖြစ်သည်။

အဆိုပါတင်သွင်းနေမှုများသည် မွန်ပြည်နယ်နှင့် မသက်ဆိုင်ဘဲ မြန်မာနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနမှ တရားဝင်တင်ခွင့်ရရှိရန် စိစစ်လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်က ဆိုသည်။

“အဲလို တင်သွင်းမှု (Import) လိုင်စင်ရဖို့အတွက် လုပ်ငန်းရှင်တွေက ကြိုးစားရမှာဖြစ်တယ်။ ဘယ်လိုအခက်အခဲအတားအဆီးရှိနေသလဲဆိုတာ သူတို့ (လုပ်ငန်းရှင်) တွေပဲ အသိဆုံးပါ” ဟု ၎င်းင်းက ပြောသည်။

အဆိုပါ တရားမဝင် တင်သွင်းလာသည့် ငါးပုစွန်များမှာ ပြည်သူများ စားသုံးရန် သင့် – မသင့် စစ်ဆေး ဆောင်ရွက်မှု မရှိသည့်အပြင် နိုင်ငံတော်အခွန်အခများဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေသည်။

“တရားမဝင် ဝင်နေတဲ့အတွက်ကြောင့် လတ်တလောအားဖြင့်တော့ ဒီငါး၊ ပုစွန်တွေ Food Safety ဖြစ်လာမဖြစ်လားဆိုတာ မသိနိုင်ဘူး။ မစစ်တဲ့အတွက်ကြောင့် ဒီအတိုင်းပဲဝင်နေကြတယ်။ တကယ် (Import) လိုင်စင်နဲ့ တင်သွင်းခွင့်ရမယ်ဆိုလို့ရှိရင် အဆင့်ဆင့်စစ်ရမယ်။ ငါးနဲ့ ပတ်သက်ရင် လုပ်ငန်းဦးစီးဌာနမှာ ဓာတ်ခွဲခန်းတွေရှိတယ်” ဟု ဦးစိုးမြင့်က ဆိုသည်။

စားသုံးသူများ အတွက်မူဝါဒမျှခြေ

ယခုနှစ် ငါးဖမ်းရာသီပိတ်သိမ်းချိန်တွင် ငါးရစ်တက်ချိန်အတွင်း မြန်မာ့ပင်လယ်ပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းအားလုံးကို ဇွန် ၁ ရက်နေ့မှ သြဂုတ် ၃၁ ရက်နေ့အထိပိတ်ပင်ထားရန်ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင်မူ တစ်နိုင်တစ်ပိုင် ကမ်းနီးငါးဖမ်းခွင့်ကို ပြန်လည် ခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း ငါးပုစွန်ဈေးကွက်အတွင်းတွင်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ထိုင်းနိုင်ငံမှတရားမဝင်တင်သွင်း လာသော အေးခဲ ငါးပုစွန်ဈေးကွက်အတွင်းဝင်ရောက်လာသော ပြဿနာများနှင့် ကြုံတွေ့နေရဆဲပင်ဖြစ်သည်။

ထိုပြဿနာများဖြေရှင်းရန် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ပြီး ဖြေရှင်းနိုင်ကြောင်း အကြံပြုလာသူမှာ မွန်ပြည်နယ် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့် ဖြစ်သည်။

“ဒီအချိန်မှာ မွေးမြူ ငါး၊ ပုစွန်တွေ စားလို့ရပါတယ်။ ဒို့နိုင်ငံက မွေးမြူရေး ငါးတွေ နိုင်ငံခြား အထိတင်ပို့နေတာပဲ။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသတွေကမွေးမြူတဲ့ငါးတွေ ရှိတယ်။ အဲဒီတော့ မွန်ပြည်နယ်က ငါးစျေးတွေ မကြီးလာအောင် ငါးမွေးမြူရေးတွေ လုပ်ရမယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ငါးဖမ်းခွင့်ပိတ်ပင်ခြင်းမှာ နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအကျိုးရှေ့ရှု၍ ရေရှည်စားသုံးနိုင်ရေးအတွက်လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်က ဆိုသည်။

“ငါးသယံဇာတထိန်းသိမ်းရေးဆိုတာ ပြည်သူတွေရဲ့ အကျိုးကိုရှေ့ရှုပြီးလုပ်တာပဲ။ ဘယ်သူ့အကျိုးမှ ရှေ့ရှုတာမဟုတ်ဘူး။ ပြည်သူတွေအကျိုးရှေ့ရှုဖို့ပဲ။ ဒီငါးတွေ ဥဥတဲ့အချိန်၊ ငါးတွေသားပေါက်တဲ့အချိန်မှာ ဖမ်းခွင့်ပြုခဲ့မယ်ဆိုရင် နောက်တစ်ချိန်ကျရင် ငါးစျေးတွေက ဒီထက်မက မြင့်သွားနိုင်တယ်” ဟု ၎င်းင်းက ပြောသည်။

ခေတ်မင်း

Advertisements
<

Leave a Reply