Advertisements

မော်လမြိုင်၊ ဇူလိုင် ၉

မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ငါးဖမ်းရာသီအတွက် ပထမအကြိမ် ငါးဖမ်းပိုက်ချက် ၇၈ ချက်ကို လေလံတင် ရောင်းချရာမှ အခွန် ကျပ်သိန်းပေါင်း ၇၅၀၀ ကျော် ရရှိခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဝေက ပြောကြားသည်။

အဆိုပါ ငါးဖမ်း လေလံ ရောင်းချပွဲကို ဇူလိုင် ၄ ရက်က မော်လမြိုင်မြို့ရှိ ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Advertisements
data-language="en"

ငါးဖမ်းပိုက်ချက် လေလံပေးရာတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က သတ်မှတ်ထားသော ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်း တိုး၍ ရောင်းချခဲ့ခြင်း ဖြစ်ပြီး၊ ကြမ်ခင်းဈေးထက် သုံးဆ နီးပါးထက် ပိုပေး၍ အပြိုင်ဆွဲ ဝယ်ခဲ့ကြကြောင်း ဒေါ်လှလှဝေက ပြောဆိုသည်။

“မနှစ်က သူတို့ငါးအထိအမိများတဲ့အတွက် ဒီနှစ်မှာလည်း နာမည်ကြီးတဲ့ပိုက်ချက်တွေကို ငါးအထိအမိကောင်းနိုင်တယ်လို့ မျှော်မှန်းပြီး လူအများက အပြိုင်ဆွဲကြတာပေါ့”ဟု ၎င်းက ဆိုသည်။

ထိုသို့ အပြိုင်ဆွဲ ဝယ်ယူမှုများကြောင့် ပြည်နယ်အစိုးရအတွက် ရန်ပုံငွေ ပိုမိုရရှိနိုင်ခဲ့သော်လည်း ငါးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မျှော်မှန်းထားသည့် အခြေအနေမရပါက ဈေးတိုးမြှင့် ရောင်းချနိုင်သော အခြေအနေရှိသဖြင့် ကုန်ဈေးနှုန်း တက်နိုင်သည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က သုံးသပ်ပြောဆိုသည်။

“တင်ဒါရတဲ့သူက ဈေးမြင့်ပြီးပေးရတဲ့အတွက် အဲ့ဒီငွေကို ကာမိပြီး အမြတ်ရဖို့အတွက် ကြိုးစားမှာပဲ အဲ့ဒီမှာ ငါးအထိအမိနည်းရင်တော့ အလုပ်သမားခတွေ စရိတ်တွေအတွက် ဖမ်းမိတဲ့ငါးဈေးနှုန်းတွေ မြှင့်ရောင်းတဲ့အခါ အတိုင်းအတာတစ်ခုထိတော့ကုန်ဈေးနှုန်းကို ရိုက်ခတ်မှုတွေရှိလာနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်မြို့နယ် အပါအဝင် မြို့နယ် ငါး မြို့နယ်၌ ငါးဖမ်းပိုက် ချက် ၁၁၈ ချက်ရှိနေပြီး၊ ယခုအခါ ရောင်းချခဲ့သော် ပိုက်ချက် ၇၈ ချက်သည် သံလွင်မြစ်နှင့် အတ္တရံမြစ်အတွင်းရှိ ကျားဓမင်း အမျိုးအစား ပိုက်ချက်များ ဖြစ်သည်။

ကျန်ရှိသော ငါးဖမ်း ပိုက်ချက် ၄၀ ကို ငါးကြိမ် တိုင်တိုင် လေလံပေး၍ ရောင်းချသွားရန် ရှိသည်။

ယမန်နှစ်က မွန်ပြည်နယ်တွင် ငါးဖမ်းပိုက်ချက် ၁၁၈ ချက်ကို လေလံတင်ရောင်းချရာမှ ကျပ်သိန်း ၆၀၀၀ ကျော် ရရှိထားကြောင်း ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန သိရသည်။

Written by သက်ပိုင်

Leave a Reply