နယူးယောက် ဧပြီ ၂၉

Avengers ဇာတ်ကားတွေရဲ့ ဇာတ်သိမ်းပိုင်းလို့ တင်စားရမယ့် Endgame ရုပ်ရှင်ဟာ ငါးရက်တာအတွင်းမှာပဲ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ဒသမ၂ဘီလီယံ (သန်းပေါင်း ၁၂၀၀) ရရှိပြီး အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား “infinity War”ကို ၂၀၁၈ခုနှစ်ကတည်းက ရုံတင်ခဲ့ပြီး ၁၁ ရက်တာအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၁သန်းသာရထားတာကြောင့် Endgame ရဲ့ ငါးရက်တာ ဝင်ငွေထက်တောင် လျော့နည်းနေပြီဖြစ်ပါတယ်။

Endgame ရဲ့ ဝင်ငွေပမာဏဟာ ယခင်က အမြင့်ဆုံးတင်ခဲ့တဲ့ ဝင်ငွေစံချိန်တွေကိုပါ ချိုးနိုင်ဖွယ်ရှိနေတယ်လို့ ရုပ်ရှင်ချစ်သူတွေက ခန့်မှန်းနေကြပါတယ်။ ဒစ္စနေးကုမ္ပဏီကနေ ထုတ်လုပ်တဲ့ မာဗယ်စတူဒီယိုရဲ့ Avengers ဇာတ်လမ်းတွေဟာ နှစ်စဉ်အမြင့်ဆုံး ဝင်ငွေနဲ့ စံချိန်တင်လေ့ရှိပြီး Endgame ဟာ ၁၁နှစ်တာ အတွင်းထွက်ရှိခဲ့တဲ့ Hero ရုပ်ရှင်တွေရဲ့ ဇာတ်သိမ်းပိုင်းသဖွယ်ဖြစ်နေတာကြောင့် ယခုလို စံချိန်ချိုးနေတာပဲဖြစ်ပါတယ်။

၂၀၁၇ခုနှစ်က တစ်ပတ်တာအတွင်းအမြင့်ဆုံးစံချိန်တင်ခဲ့တဲ့ Fate of the Furious ဇာတ်ကားဟာဆိုရင် အမေရိကန်ဒေါ်လာ ၄၄၃သန်းသာရရှိခဲ့ပါတယ်။

“မာဗယ်စတူဒီယိုရဲ့ Endgame ဟာ တစ်ပတ်တာအတွင်း ဝင်ငွေ အမြင့်ဆုံးရရှိခဲ့တာဟာ လုံးဝ မယုံနိုင်စရာပါပဲ။ နောက်အသစ်ထွက်ရှိမဲ့ Hero ဇာတ်ကားတွေက ဒီစံချိန်ကို အတော်လေး ကြိုးစားပြီး ပြန်ချိုးရမဲ့ သဘောဖြစ်နေတာကြောင့် ရလာဒ်ကို အားရပါတယ်”လို့ ဒစ္စနေးကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်လန်ဟွန်းကပြောပါတယ်။

Endgame ရုပ်ရှင်ဇာတ်လမ်းဟာ ကြာချိန် ၃နာရီနဲ့ ၂မိနစ်ရှိပြီး ထွက်ရှိခဲ့သမျှ Heroဇာတ်လမ်းတွေထဲမှာ အကြာဆုံးဇာတ်လမ်းအဖြစ် စာရင်းဝင်ခဲ့ပါသေးတယ်။

မှတ်တမ်းတွေအရ ၂၀၁၅ခုနှစ်က ပြသခဲ့တဲ့ Star Wars: The force Awakens ဇာတ်လမ်းကို ရုပ်ရှင်ရုံပေါင်း ၄၁၀၀ကျော်မှာ တစ်ပြိုင်တည်းပြသခဲ့ရပြီးစံချိန်တင်ခဲ့ဖူးပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ Infinity War ဇာတ်ကားကို ရုံပေါင်း ၄၄၇၀မှာပြသခဲ့ပြီး ရုပ်ရှင်ရုံတစ်ခုကနေ ပျှမ်းမျှဝင်ငွေ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၅၇၀၀၀ရရှိခဲ့ပါတယ်။

ယခု Endgame ရုပ်ရှင်ကိုတော့ ကမ္ဘာအနှံ့က ရုပ်ရှင်ရုံပေါင်း ၄၆၆၂ရုံမှာပြသခဲ့ပြီး ရုံတစ်ရုံကို တစ်ရက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆သောင်းကနေ ၆သောင်းခွဲအထိရရှိခဲ့တာဖြစ်လို့ စံချိန်အမြင့်ဆုံးအဖြစ် နေရာယူနိုင်ခဲ့ပါသေးတယ်။

Ref: CNBC

Leave a Reply