ချောင်းဆုံ ၊ ဇွန်

ငါး ၊ ပုစွန် ဖမ်းဆီးမှုကို ပိတ်ပင်ကန့်သတ်သည့် ငါးရစ်တက်ချိန်၌ ဘီလူးကျွန်းဒေသချောင်းမြောင်းများအတွင်း ထိရောက်စွာတားမြစ်နိုင်ရန် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ထိရောက်စွာတားမြစ်မှုအပိုင်းမှာ အခုနှစ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း ကိုယ့်အပိုင်အလိုက် ငါးရစ်တက်ချိန်မှာငါးဖမ်းတာတွေ့ရင်အချိန်မီဝိုင်းဝန်း တားမြစ်နိုင်ဖို့ ၊ဌာနကိုအကြောင်းကြားဖို့စာထုတ်ထားတယ်။ လိုအပ်ရင် ချောင်းမြောင်းတွေထိဆင်းပြီး ငါးဖမ်းကိရိယာတွေတွေ့ရင်သိမ်းဆည်းမယ် ၊ ဖယ်ရှားခိုင်းမှာဖြစ်တယ်”ဟု အထက်ပါဌာန၊ ဦးစီးမှူး ဦးဇော်ထွန်းဦး ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

ငါးရစ်တက်ချိန်များ၌ ဥချချိန်၊ မျိုးပွားချိန်ပါမချန် ယင်းသို့ မဆင်မခြင် တံငါလိုက်နေကြခြင်းကို တွေ့မြင်သိရှိနေရကြောင်း ၊ ငါး ပုစွန်ရှားပါး မျိုးသုန်းလာသည်မှာ တစ်စထက်တစ်စ ပိုမိုဆိုးရွားလာနေကြောင်း ရပ်မိရပ်ဖ ဦးတင်လှက မှတ်ချက်ပြုသည်။

“အချိန်ရရင်ရသလို မိတ်ဖက်ဌာနတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ် ။ ဒေသခံတွေကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ ပညာပေးမယ် ၊လိုက်နာမှုမရှိရင် ဥပဒေအရတားမြစ်ဆောင်ရွက်သွားရမှာဖြစ်တယ်”ဟု မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးကပြောသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply