ယခုနှစ် မွန်ပြည်နယ်အတွင်း ဇန်နဝါရီလမှ မေလ ၂၂ ရက်နေ့အထိ ငါးလအတွင်း သွေးလွန်တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားသူ ၂၉၅ ဦးရှိကြောင်း မွန်ပြည်နယ် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာ စည်သူရဲနောင်က ပြောကြားသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အနက် မော်လမြိုင်တွင် ရောဂါဖြစ်ပွားသူ အများဆုံးဖြစ်ကြောင်း ယင်းက ပြောသည်။
“ကျွန်တော်တို့ဆီမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူဟာ ၂၀၁၅ ခုနှစ်လောက်မများဘူး၊ အရင်နှစ်လည်း နည်းတယ်၊ အခုနောက်ပိုင်း နည်းနည်းလျော့ကျလာတယ်” ဟု ယင်းက ပြောသည်။

ရောဂါဖြစ်ပွားနှုန်းမှာ မော်လမြိုင်တွင် ၉၇ ဦး၊ မုဒုံမြို့ ၅၄ ဦး၊ ကျိုက်မရောတွင် ၃၃ ဦး၊ ပေါင်မြို့နယ်တွင် ၄၄ ဦး၊ ချောင်းဆုံမြို့နယ်တွင် ၄၈ ဦး ဘီးလင်း သုံးဦး၊ ရေးမြို့ ခုနှစ်ဦး၊ သထုံမြို့သုံးဦးနှင့် သံဖြူဇရပ် ခြောက်ဦးဖြစ်ပွားခဲ့ပြီး ကျိုက်ထိုတွင် မရှိသေးကြောင်း ဒေါက်တာ စည်သူရဲနောင်က ပြောသည်။

ရောဂါဖြစ်ပွားမှုများသော  မြို့နယ် ရပ်ကွက်၊ကျေးရွာများတွင် ရေကန်များအတွင်း ပိုးလောက်လန်း နှိမ်နင်းဆေးများကို ထည့်ပေးနေပြီး သွေးလွန်တုပ်ကွေးနှင့် ပတ်သက်သည် ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးနေကြောင်း  ယင်းက ဖြည့်စွက်ပြောကြားသည်။

ပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှု မှတ်တမ်းအရ ၂ဝ၁၅ တွင်  ၅,ဝဝဝ ကျော်ဖြစ်ပွားခဲ့ရာ လေးဥိးသေဆုံးခဲ့ပြီး ၂ဝ၁၆ တွင် ၆ဝဝ ခန့် ဖြစ်ပွားခဲ့သော်လည်း သေဆုံးမှုမရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

Written by – ခင်နန်းဌေး

Leave a Reply