Advertisements

ထားဝယ် ၊ ဖေဖော်ဝါရီ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ကျေး ရွာအနီးတွင် Global Grand Services (GGS ကုမ္ပဏီကတည်ဆောက်မည့် ငါးလေလံ ဈေးစီမံကိန်း အပိုင်း(၁)နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ဆန်းစစ်မှုဆိုင်ရာတွေ့ရှိချက်များအား ပြည်သူလူထုများအား ချပြသည့်ဆွေးနွေးပွဲသို့ ယင်းကုမ္ပဏီမှတာဝန်ရှိသူ တက်ရောက်ရန် ပျက်ကွက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းအတွက် ကနဦးပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(IEE) နှင့် ငါးလေလံဈေးအတွက် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုအစီအစဉ်(EMP)ရေးဆွဲလျက်ရှိသော Ever Green Tech Environmental Services ကုမ္ပဏီမှ ပတ်ဝန်းကျင် ဆန်းစစ်မှုဆိုင်ရာတွေ့ရှိချက်များကို စီမံကိန်းဧရိယာအနီးရှိ ပန်းတောရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဒေသခံပြည်သူလူထုများအားချပြ ဆွေးနွေးခဲ့သည်ဟု သိရသည်။

GGS ကုမ္ပဏီမှ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးသည့်ကိစ္စ အရေးကြီးအစည်းအဝေးရှိခြင်းကြောင့် ကုမ္ပဏီမှ တာဝန်ရှိသူမတက်ရောက်နိုင်ခြင်းဖြစ်ပြီး ကိုယ်စားလှယ်အဖြစ် မိမိကိုစေလွှတ်၍ လာရောက်ခြင်းဖြစ်ကြောင်း ယင်းလူထုတွေ့ဆုံပွဲတွင် ဦးမောင်မောင်ဆိုသူက ပြောသည်။
ယင်းလူထုဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဆက်စပ်သော အချက်အလက်များကို တက်ရောက်လာသူများက မေးမြန်းရာ အသေးစိတ်ကို ဦးမောင်မောင်က ဖြေကြားနိုင်ခြင်းမရှိကြောင်း ဆွေးနွေးပွဲတက်ရောက်လာသူများက ဝေဖန်ပြောဆိုသည်။

“ရှင်းလင်းပွဲလုပ်ပြီးတော့ သူ့ဘက်က ကတိကဝတ်ဘာမှမ ပေးနိုင်ဘူးဆိုလို့ရှိရင် ပြည်သူလူထုတစ်ယောက်အနေနဲ့ လက်ခံနိုင်စရာမရှိလောက်ဘူး”ဟု စီမံကိန်းအနီး ဆင်ဖြူပြင်ရွာမှ ဦးထင်ကျော် ကပြောသည်။

စီမံကိန်းလုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ပြီး ပွင့်လင်းမြင်သာမှုရှိမှ ကောင်းကျိုး၊ဆိုးကျိုးကာကွယ်၍ရမည်ဖြစ်ကြောင်း၊ ယခုပွင့်လင်းမြင်သာမှုမရှိကြောင်း၊အသေးစိတ်မသိရသည့်အတွက် ဆိုးကျိုးဖြစ်ပေါ်လာလျှင် ပြဿနာတက်လာနိုင်ကြောင်း၎င်းက သုံးသပ်ပြောဆိုသည်။ တွေ့ဆုံပွဲတက်ရောက်လာသူက မေးမြန်းချိန်တွင် ကုမ္ပဏီဘက်က သင့်တော်သည့် အဖြေတစ်ခု ပေးသင့်သည်ဟု ထင်ကြောင်း Ever Green TechEnvironmental Services ကုမ္ပဏီမှ အကြံပေး၊ ဒေါက်တာကျော်စွာတင့်က မှတ်ချက်ပြုသည်။

စီမံကိန်းအပိုင်း (၁) ၌မြေ ၉၃ ဧကခန့်တွင် ငါးလေလံဈေး၊ဆိပ်ခံတံတား၊ အအေးခန်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကိုတည်ဆောက်မည်ဟု ၎င်းက တွေ့ဆုံပွဲတွင် ရှင်းပြသည်။

ယင်းလုပ်ငန်းများ၏ အသေးစိတ်အစီအစဉ်နှင့် စီမံကိန်း ကာလများကို GGS ကုမ္ပဏီမှ ကိုယ်စားလှယ်ဟု ဆိုသော ဦးမောင်မောင် က ရှင်းပြနိုင်ခြင်းမရှိခဲ့ပေ။ ယင်းတွေ့ဆုံပွဲပြီးချိန် သတင်းမီဒီယာများက မေးမြန်းရာ၌ မိမိမှာ GGS ကုမ္ပဏီ၏ ဝန်ထမ်းမဟုတ်ကြောင်း ဦးမောင်မောင်က ပြောသည်။

လက်ရှိအချိန်တွင် စီမံကိန်းဧရိယာအတွင်း လမ်းခင်းခြင်း၊ ရေမြောင်းဖောက်လုပ်ခြင်းတို့ကို လုပ်ဆောင်ထားပြီး လတ်တလော၌ လုပ်ငန်းရပ်နားထားသည်ဟု ဦးမောင်မောင်က ဆိုသည်။

ယခုဖြစ်စဉ်နှင့်အလားတူ တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ပြုလုပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရေးသတင်းစာရှင်းလင်းပွဲနှင့်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှပြုလုပ်သော ကြားနာပွဲသို့ ကံပေါက်ဒေသတွင် သဘာဝဓာတ်ငွေ့ဖြင့်ဓာတ်အား ထုတ်လုပ်ခွင့်ရရှိထားသော အဆိုပါ GGS ကုမ္ပဏီမှ တာဝန်ရှိသူအနေဖြင့် တက်ရောက်ခဲ့ခြင်း မရှိပေ။

Written by တင့်လွင်

Advertisements
<

Leave a Reply