မိုးဖြိုင်ဖြိုင် ရွာသွန်းခြင်းနှင့်အတူ မွန်ပြည်နယ်အတွင်းရှိ မြစ်များချောင်းများနှင့် လယ်များတွင် ငါးများ သားပေါက် ရန် ငါးရစ်တက်ကြလေပြီဖြစ်သည်။ ထို့အတူ အစိုးရပိုင်းကလည်း နိုင်ငံပိုင်ရုပ်သံများ၊ သတင်းမီဒီယာ များမှ တစ်ဆင့် ငါးမဖမ်းကြရန် တိုက်တွန်းနေဖြစ်သည်။
lava fish

ငါးရစ်တက်ချိန်ကာလကို မေလ၊ ဇွန်လ မှ သြဂုတ်လအထိပုံမှန်သတ်မှတ်လေ့ရှိပြီး အဆိုပါကာလတွင် ငါးလုပ် ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မှ အပ ငါးဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားသည်။

နှစ်စဉ် သတိပေးတားမြစ်နေသော်လည်း မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်အပါအဝင် မွန်ပြည်နယ်၊ဒေသ အသီးသီးရှိ မြစ်၊ ချောင်းများ နှင့် အင်းများ အတွင်း ငါးဖမ်းကြသူများက အလျှိုလျှိုပင်လုပ်ကိုင်လျက်ရှိကြ သေး သည်။

“ဘီလူးကျွန်းဆို တစ်ကျွန်းလုံးမှာ အသီးသီးဖမ်းနေကြတာပဲ။ လယ်တွေရော၊ သံလွင်မြစ်ထဲမှာရော ၊ချောင်းတွေ ထဲမှာရောပဲ”ဟု ဘီလူးကျွန်း၊ ကညှော်ကျေးရွာတွင်နေထိုင်သူ ဦးမြင့်နိုင်(အမည်လွှဲ)က ပြောကြားသည်။

ထိုသို့ ဖမ်းဆီးခြင်းကြောင့် တန်ဖိုးကြီးငါးများဖြစ်သည့် ငါးသလောက်၊ကကတစ်အစရှိသည့် တန်ဖိုးကြီး ဈေး ကွက်ဝင်ငါးများအပါအဝင် ငါးမျိုးစိတ်များရေရှည်တွင် လျော့ကျ၍ ရှားပါးမှုနှင့်ရင်ဆိုင်လာရမည်ဖြစ်သည်။

ယင်းသို့ဖြစ်ပွားပါက ငါးလုပ်ငန်းကို မှီခိုနေသူများအပြင် ဒေသအတွင်း စားသုံးသူများကိုပါ ထိခိုက်လာမည့် အတွက် ငါးသားပေါက်ချိန်တွင် ဘေးမဲ့ပေးရန်မှာ အရေးကြီးလိုအပ်နေပြီဖြစ်သည်။

“ဥပါတဲ့ငါးတစ်ကောင်ဖမ်းလိုက်ရင် အများကြီးဆုံးရှုံးသွားမယ်။ ရေရှည်ကျရင် မျိုးပြုန်းတီးတာတွေဖြစ်လာမယ်” ဟု Network Activity Group(NAG) အဖွဲမှ Fishery Officer ဦးစိုးမင်းဦးက ရှင်းပြပြောဆိုသည်။

မွန်ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းတွင်ပါဝင်သော ရေလုပ်ငန်းဖြင့် လုပ်ကိုင်နေကြသူများတွင် တစ်ပိုင် တစ်နိုင် ငါးဖမ်းကြသူများမှာ စားဝတ်နေရေးအခြေအနေအတွက် ယခုကာလတွင် လုပ်ငန်း မရပ်ကြခြင်းဖြစ် ကြောင်း ငါးဖမ်းလုပ်ငန်းရှင်များက ပြောကြားကြသည်။
ယင်းအချက်ကို ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နေသော Network Activity Group(NAG) အဖွဲမှ Fishery Officer ဦးစိုးမင်းဦးကလည်း လက်ခံထားသည်။

“တချို့လူကျတော့ ဒီကာလမှာ ငါးမဖမ်းရလို့ စားဝတ်နေရေးအခက်ခဲတော့ရှိမှာပဲ တချို့လူကျတော့ ဒါပဲ လုပ်တတ်တယ် အသက်မွေးဝမ်းကျောင်းဖို့အတွက် အခြားစီးပွားရေးလုပ်ဖို့လည်းအဆင်မပြေကြဘူး ” ဟု ၎င်းက ရှင်းပြသည်။

ရေသယံဇာတနှင့် ငါးသယံဇာတများကို သုတေသနပြုလုပ်နေသော ဦးစိုးမင်းဦးကပင် “မဖမ်းဘူးဆိုရင်လည်း သူတို့အတွက်အခက်ခဲရှိတယ်လေ” ဟု ထပ်လောင်းပြောဆိုသည်။

ထို့အတူ အချို့ကျေးရွာများတွင် နေထိုင်သူများမှာ သာမန်အားဖြင့် ငါးရစ်တက်ချိန်တွင် ဖမ်းဆီးပါက ရေရှည် အကျိုးဆက်နှင့် ဥပဒေအရ အရေးယူနိုင်သည်ကို သေချာသိရှိနားလည်ခြင်း မရှိသောကြောင့်လည်း ဖမ်းဆီးကြခြင်းဖြစ်ကြောင်း ရေလုပ်ငန်းရှင်များနှင့် ဒေသခံများက ပြောကြားကြသည်။

“တချို့ကျ တောသူ၊ တောင်သားတွေဆိုတော့ သာမန်အားဖြင့်လည်း သိပ်သိတာမဟုတ်ဘူး” ဟု မွန်ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသံချောင်းက ဆိုသည်။

ထို့ပြင် ငါးရစ်တက်ချိန်မှာတွင် ဈေးကောင်းရသော ငါးအကောင်ကြီးများမှာဖမ်းဆီးရလွယ်ကုူပြီး အဆိုပါငါးများနှင့် ငါးဥများမှာလည်း စားသုံးသူဈေးကွက်အတွင်း အကြိုက်များခြင်းကြောင့်လည်း ပိုမိုဖမ်းဆီးနေကြခြင်းလည်း ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
ငါးရစ်တက်ကြရန် ငါးမကြီးများနှင့် ငါးထီးကြီးများသည် ဥချရန် ကမ်းအနီးတွင် နေရာရှာ၍ ငါးရစ်တက်ကြခြင်း ကြောင့် ဖမ်းဆီးရလွယ်ကူခြင်းဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်းပြောဆိုကြသည်။

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသော ငါးရစ်ငါးများနှင့် အတူ ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်များ သေကြေပျက်စီးခြင်းမှာ ရေရှည် ငါးထုတ်လုပ်ရေးကို ထိခိုက်လာမည်ဖြစ်သည်။

လက်ရှိတွင် ရေချိုငါးဖမ်းလုပ်ငန်းများတွင် ဖမ်းဆီးရမိမှုထိမိနေသေးသော်လည်း ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း များတွင်မူ အထိအမိလျော့ကျသွားသည်ဟု သတင်းများသိရှိထားကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသံချောင်းက ပြောကြားသည်။
စားသုံးသူများကြိုက်နှစ်သက်ခြင်းနှင့် ငါးဖမ်းရလွယ်ကူခြင်းတို့မှာ ရေတိုအတွက် တံငါသည်များအဖို့ အဆင်ပြေသော်လည်း ရေရှည်တွင်မူ ဒေသခံတစ်ပိုင်တစ်နိုင် ရေလုပ်ငန်းရှင်များ၏ အလုပ်အကိုင် အခွင့်အလမ်းကို ထိခိုက်ခြင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အတူ ငါးသယံဇာတပြုန်းတီး၍ ရေရှည်စဉ်ဆက်မပြတ် ထုတ်လုပ်ရေးကို ထိခိုက်လာပါက ပြည်တွင်း စားနပ်ရိက္ခာသာမက တိုင်းပြည်၏ ပို့ကုန်စီးပွားရေးကိုပါ တစ်စိတ်တစ်ပိုင်းထိခိုက်လာနိုင်သည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်လုပ်ငန်းတွင် ရေလုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်နေပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းမှ ပြည်ပသို့ အမေရိကန်ဒေါ်လာ ၄၆၃ သန်း ကျော်ဖိုးအထိ တင်ပို့နိုင်ခဲ့သည်။

မျိုးသုဉ်းမှုမရှိသေးသော်လည်း ဘီလူးကျွန်းဒေသရှိ ချောင်းများ၊အင်းများတွင် ပုံမှန်ငါးဖမ်းရသည့် ရာသီဖြစ်သော တော်သလင်းနှင့် သီတင်းကျွတ်ကာလများတွင် ငါးဖမ်းရာတွင် ရရှိမှုလျော့ကျလာနေပြီ ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

လက်ရှိတွင် ငါးရစ်တက်ချိန်ဖြစ်သော မေ၊ဇွန်၊ဇူလိုင်လများတွင် ငါးဖမ်းတားမြစ်ရာသီ အဖြစ်သတ် မှတ်ထား ကြောင်းကို ကျေးရွာများသို့ ထုတ်ပြန်ထားကြောင်း ချောင်းဆုံမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

မြစ်၊ချောင်း၊အင်းအိုင်နှင့်လယ်များတွင် ငါးဖမ်းဆီးခြင်းရှိ၊မရှိကို ကွင်းဆင်း စစ်ဆေးလျက်ရှိပြီး ပညာပေးခြင်းနှင့် စည်းရုံးရေးဆင်းခြင်းမျာကို လုပ်ဆောင်လျက်ရှိကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“တားမြစ်ထားတဲ့ကာလမှာ ဖမ်းဆီးတဲ့လူတွေ့ရင် ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီပဲ အရေးယူ စစ်ဆေး တာကို လုပ်ရမှာပေါ့”ဟု မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသံချောင်းက ပြောဆိုသည်။

လက်ရှိပြဋ္ဌာန်းထားသော ဥပဒေအရ ငါးဖမ်းရာတွင် ချိုးဖောက်ခြင်းပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်(သို့မဟုတ်) ငွေဒဏ် ကျပ် သုံးသိန်းအထိ ကျခံရမည်ဆိုခြင်းများကို ပြဋ္ဌာန်းထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

အစိုးရပိုင်းက ငါးသယံဇာတနှင့်ပတ်သက်၍ နောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့်လုပ်ဆောင်လာသည်ကိုတွေ့ရပြီး ကွင်းဆင်း စစ်ဆေးခြင်းမှာကောင်းမွန်ကြောင်း Fishery Officer ဦးစိုးမင်းဦးက ပြောကြားသည်။

“ဒီထက်ကောင်းဖို့က သူတို့လုပ်ချင်ပါတယ် ဒါပေမယ့် သူတို့ဝန်ထမ်းအင်အားနဲ့ သွားဖို့လာဖို့ လုံခြုံမှုက စကားပြောလာမယ်။ ဌာနဆိုင်ရာ အခြားသောတာဝန်ရှိတဲ့ ပြည်သူတို့ ရဲတို့ စတာတွေနဲ့ တည်တည်ကြည်ကြည်လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ “ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။
ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသံချောင်းကလည်း ပြည်သူလူထုက အသိစိတ်ဓာတ်နှင့် ပါဝင်ပါက ပိုမိုအဆင်ပြေမည်ဖြစ်ပြီး လာရောက်သတင်းပေးပို့ခြင်းများလုပ်ဆောင်ပါက ပိုမိုထိထိရောက်ရောက်ဆောင်ရွက်နိုင်မည် ကြောင်း ဖြည့်စွက်ပြောကြားသည်။

“သက်ဆိုင်ရာမြို့နယ်တစ်ခုမှာ ရုံးတစ်ရုံးဆို အနည်းဆုံး ၁ဝ ယောက်ဝန်းကျင်လောက်ပဲရှိတယ်ဆိုတော့ ဒီလိုကာကွယ်ထိန်းသိမ်းဖို့ ကျေးရွာအားလုံးကို ရောက်နိုင်မှာမဟုတ်ဘူး။ အဓိကကတော့ ပြည်သူလူထုပဲ”ဟု ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ဌာနတွေက အမြဲတံခါးဖွင့်ထားတယ်”ဟု ထပ်လောင်းပြောဆိုသည်။
ထို့ပြင် အစိုးရတာဝန်ရှိသူများကလည်း ငါးဖမ်းခြင်းနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။

အလုပ်ရုံဆွေးနွေးပွဲများကျင်းပရာတွင်လည်း သက်ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများအပြင် ဒေသခံငါးဖမ်းသမားများလည်း ပါဝင်သင့်ကြောင်း ဦးစိုးမင်းဦးက သုံးသပ်ပြောဆိုသည်။

ယင်းမှသာ ပိုမိုထိရောက်သည့် စီမံခန့်ခွဲမှုတစ်ရပ်ဖြစ်နိုင်မည်ဖြစ်ပြီး အောက်ခြေမှ ပြည်သူများက ဥပဒေ မူဝါဒများကို သိမြင်လာရန် အရေးကြီးကြောင်း အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆိုကြသည်။

“သက်ဆိုင်ရာဌာန၊ ပြည်သူလူထု အကုန်လုံးမှာတာဝန်ရှိတယ် ပူးပေါင်းပါဝင်မှုအားကောင်းလာမှ ထိရောက်တဲ့ စီမံခန့်ခွဲမှုတစ်ရပ် ဖြစ်နိုင်မှာ” ဟု ဦးစိုးမင်းဦးက ဆိုသည်။

ယင်းသို့ ဒေသခံများကို အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာပေးခြင်းများ ပြုလုပ်ပါက ပိုမိုထိရောက်လာနိုင်ကြောင်းကို ဦးမြင့်နိုင်ကထောက်ခံပြောကြားသည်။

ဇွန်လအတွင်း မွန်ပြည်နယ်တွင် မိုးများရွာသွန်းခြင်းနှင့် အတူ ရေချိုငါးများဖြစ်ကြသည့် ကကတစ်၊ငါးဘတ် နှင့် ငါးခူငါးများမှာ ငါးရစ်တက်နေကြပြီဖြစ်သည်။

ကညှော်ရွာ၏ ရပ်မိ၊ရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်နိုင်ကမူ ငါးရစ်တက်ချိန်တွင် ငါးမဖမ်းခြင်းကို အစဉ်အလာတစ်ခုလို ဖြစ်ထွန်းစေချင်နေသည်။
“မဖမ်းရမယ့် ရာသီမှာမဖမ်းနဲ့။ဖမ်းရမယ့် ရာသီရောက်တော့ ဖမ်းလေ။ဒါမှ ရေရှည်တိုးတက်နိုင်မှာ”ဟု ၎င်းက ဆိုလေသည်။

Leave a Reply