Advertisements

ဘားအံ၊ စက်တင်ဘာ ၂၇

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသအလိုက် ၁၁ နေရာခွဲ၍ ကျင်းပနေသော ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို အောက်တိုဘာလ ၁ရက်နေ့တွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး MRTV ရုပ်သံ အစီအစဉ်မှ မြန်မာတစ်ပြည်လုံးသို့ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန မှသိရှိရသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်(ဘားအံ) သီချင်းဆိုပြိုင်ပွဲအတွက် စက်တင်ဘာလ၂၈၊ ၂၉ ရက်များတွင် အသံစစ် လူရွေးခြင်း ၃၀ ရက်တွင် အစမ်းလေ့ကျင့်ခြင်းနှင့် အောက်တိုဘာ ၁ရက်နေ့ညတွင် ပြိုင်ပွဲ ကျင်းပ၍ ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဆောင်ရွက်နိူင်ရန် ပြန်/ဆက်ဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၂၀ ရက်က ပွဲကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

“လူငယ်တွေကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေသိလာဖို့ ရည်ရွယ်ပြီးလုပ်တာပါ။ အရင်က ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ကြတာပါ။ အခုလို ပွဲတွေလုပ်ခြင်းအားဖြင့် လူငယ်တွေစိတ်ဝင်စားလာပြီး ပါဝင်လာအောင်ကျင်းပတာပါ” ဟု ပြည်နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်ခင်စောလင်းက ပြောသည်။

ယင်းသီချင်းဆိုပြိုင်ပွဲတွင် ကရင်ပြည်နယ်အတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ၂၆၀ ဦးရှိပြီး ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် အသံစစ်ဆေးကာ
ပဏာမ ၄၀ ဦးရွေးထုတ်စိစစ်မည်ဖြစ်ကြောင်း၊ ယင်းနောက်ဆန်ခါတင် ၁၀ ယောက်ကို ဆက်လက်ရွေးချယ်ပြီးမှ ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁ရက်နေ့ ယှဉ်ပြိုင်သီဆိုမှုတွင် နောက်ဆုံး၃ယောက် အပြီးသတ် ရွေးချယ်မည်ဖြစ်ပြီး ပြည်နယ်ကိုယ်စားပြုသီဆိုသူများအဖြစ် တစ်နိုင်ငံလုံးမှ အဆိုရှင်များနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဖိုင်နယ်အဆင့် ပွဲတော်ကို ရန်ကုန်နှင့်မန္တလေး မြို့များတွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်နယ် ပြန်/ဆက် ရုံးတာဝန်ရှိသူများထံမှ သိရှိရသည်။

ရာဟု(ဖားအံ)

Advertisements
<

Leave a Reply