၂၀၁၇ အတွင်းက TNLA တပ်ဖွဲ့ဝင်များ တောတွင်းကင်းလှည့်နေစဉ် (ဓာတ်ပုံ - သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA)

Myanmar Now

နှစ်လကြာ ရပ်နားထားသည့် နှစ်ဘက်အကြား တရားဝင်တွေ့ဆုံပွဲများ ပြန်လည်စတင်ရန်အစိုးရငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ ကို ကမ်းလှမ်းလိုက်သည်။

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ- ၄ ၏ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနားကို တက်ရောက်ရန် မိုင်းလားမြို့သို့ ရောက်ရှိနေကြသည့် နှစ်ဘက်ကိုယ်စားလှယ်များအကြား ယမန်နေ့က အလွတ်သဘော တွေ့ဆုံမှုတွင် ယင်းကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုကော်မရှင်၏ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။

ရှင်နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ၎င်းတို့အကြား အလွတ်သဘောတွေ့ဆုံမှုတွင် နှစ်ဘက်ပွင့်လင်းစွာဆွေးနွေးနိုင်ခဲ့ပြီးအသေးစိတ်အခြေအနေများကို ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးသိန်းဇော်က ပြောသည်။

“ကျွန်တော်တို့ကတော့ နှစ်ပတ်အတွင်း တွေ့နိုင်အောင် ကြိုးစားကြမယ်လို့ ပြောခဲ့တယ်။တွေ့နိုင်မတွေ့နိုင်ဆိုတာကတော့ နှစ်ဘက်အခြေအနေပေါ်မှာ မူတည်တယ် ” ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်း ၄ ဖွဲ့တို့အကြား တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ရန် ကြားဝင်ဆောင်ရွက်ပေးသူများက ညှိနိုင်းပေးသော်လည်း KIA အဖွဲ့၏ ဆွေးနွေးမည့်ကိုယ်စားလှယ်များ မပါဝင်သောကြောင့် တရားဝင်ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ခြင်းမရှိပေ။

ဧပြီ ၃၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကော်မရှင် နှင့် မြောက်ပိုင်း ၄ ဖွဲ့တို့အကြား တရားဝင်ဆွေးနွေးနိုင်ခဲ့ပြီး မေလ ဒုတိယအပတ်တွင် ပြန်လည်တွေ့ဆုံရန် ချိန်းဆိုခဲ့သော်လည်း ဆွေးနွေးမည့်နေရာကို ညှိနှိုင်းမရသောကြောင့် နှစ်လကြာအောင်သည်အထိတရားဝင်တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးမည့် မြောက်ပိုင်း ၄ ဖွဲ့ထဲမှ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်သည်။

Leave a Reply