14242472_353614558304037_4740735748272628309_o

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် လက်နက်ကိုင် ဖွဲ့အစည်းအားလုံး မပါဝင်ပါက နိုင်ငံရေး အဖြေ ရလဒ်ကောင်း မထွက်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူတူးစေဖိုးက ပြောကြား သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အပစ်ရပ်လက်နက်ကိုင် များ၏ ကိုယ်စားလှယ် ငါးဦး တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း KNU ကသတင်းထုတ်ပြန်သည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဖွဲ့အစည်းတိုင်း ပါဝင်လာစေခြင်းနည်းလမ်းသည် အချို့အဖွဲ့အစည်းများအား ချန်လှပ် ထားပြီး နောင်အချိန်မှ ဖြေရှင်းမည် ဆိုခြင်းထက် ပိုမိုကောင်းမွန်စေကြောင်း KNU ဥက္ကဌ မူတူးစေးဖိုးက ပြောကြားသည်။

ထို့အပြင် မြောက်ပိုင်းဒေသ တိုက်ပွဲများကြောင့် အစိုးရ နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ သံသယ ဖြစ်ပွားစေခဲ့သောကြောင့် စစ်ဆင်ရေးအားလုံး ကို ရပ်ဆိုင်းထားပြီး တွေ့ဆုံဆွေးနွေးအဖြေရှာပါက ငြိမ်းချမ်းရေးတည်ဆောက်မှုကို အထောက်အကူ ပြုမည်ဟု မြင်မိကြောင်း ၎င်းကဆိုသည်။

အဆိုပါ တွေ့ဆုံပွဲအပြီး အချက် ခြောက်ချက်ကို အဓိက ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးက သတင်းထုတ်ပြန်သည်။
မကြာခင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ခိုင်မာသော ရလဒ်များ ထွက်ပေါ်လာရေး နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသော တိုင်းရင်းသားနယ်မြေဒေသများ အတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်တွင်း၊ ပြည်ပ ကူညီထောက်ပံ့မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ အဖွဲ့ဝင်အချို့၏ အမှုအခင်းများကိစ္စ၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ပါဝင်လာနိုင်ရေးကိစ္စ နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုအပြီး ညနေပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ထပ်မံတွေ့ဆုံခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

Leave a Reply