ဘားအံ နိုဝင်ဘာ

အစိုးရနှင့် တရားဝင်ငြိမ်းချမ်းရေး အစည်းအဝေးများတွင် ပါဝင်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU ဘက်မှ ယာယီရပ်ဆိုင်းလိုက်သော်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများအနေဖြင့် ဆက်ရှိနေမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ပြောကြားသည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ “JMC-S (ပြည်နယ်အဆင့် အပစ်ရပ် ပူးတွဲ စောင့်ကြည့်ကော်မတီ) က တစ်လတစ်ကြိမ်ဆိုပေမဲ့ ကြားကာလမှာ ကျွန်တော်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေကတော့ ဆက်ရှိနေဦးမယ်”ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သည့် တရားဝင်အစည်းအဝေးများတွင်  KNU အနေဖြင့် ဆက်လက်မပါဝင်ဘဲ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။ ဘားအံခရိုင် လေးဝါးတွင် နိုဝင်ဘာ ၆ မှ ၁၀ ရက်နေ့ထိ KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပအပြီး ကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်နေသည့် အဓိကခေါင်းဆောင်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် –  NCA  နှင့်ပတ်သက်၍ နားလည်မှုကွဲလွဲနေသည်များကို ဖြေရှင်းရမည့်အစား နားလည်သလို အကောင် အထည်ဖော်နေသည့်အတွက် ရှုပ်ထွေးမှုများ ရှိနေကြောင်း ပါရှိသည်။

အဆိုပါအရေးပေါ်အစည်းအဝေးမတိုင်မှီ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ၊ ၁၆ရက်များက နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သီးသန့် အစည်းအဝေးအပြီးနောက်ပိုင်း KNU ဘက်မှ ယင်းသို့ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သဘောထားရပ်တည်ချက် ထုတ်ပြန်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

KNU ၏  အဆိုပါ အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီဝင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မှ ကိုယ်စားလှယ် တပ်မှူးများနှင့် အထူးဖိတ်ကြားထားသူများအပါ အဝင် စုစုပေါင်း၈၀ဦးခန့် တက်ရောက်ကြောင်း ယင်းထုတ်ပြန်ချက်မှ သိရသည်။

ပြည်ထောင်စုအဆင့် JMC – Uနှင့် ဆွေးနွေးညှိနှိုင်းခြင်းနောက်ပိုင်း ထွက်ရှိလာမည့် ညွန်ကြားချက်၊ လုပ်ငန်းများအပေါ်မူတည်၍ ပြည်နယ်အဆင့် JMC- S အနေဖြင့် ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း သိရသည်။

JMC ကိုယ်စားလှယ် အဖွဲ့ဝင်အားလုံးသည် ပုံမှန်အစည်းအဝေးတွင် အစဉ်တွေ့ဆုံလျက်ရှိသလို အလွတ်သဘောအရ အဆက်အသွယ်လည်း ရှိသည်ဟု နယ်/လုံဝန်ကြီးက ဖြည့်စွက်ပြောသည်။

တစ်ဦးနှင့် တစ်ဦး မမြင်မတွေ့ဘဲ ရှေ့ဆက်ရန် အဆင်ပြေမည် မဟုတ်ကြောင်း၊ နှစ်ဖက် မျက်နှာချင်းဆိုင် တွေ့ဆုံမှသာလျှင် တဖက်မှ မကျေနပ်ချက်များ ရှိပါက ထုတ်ဖေါ်ပြောပြနိုင်မည်ဖြစ်ပြီး၊ ကျန်တဖက်မှလည်း ၎င်းတို့ လိုချင်သည်များကို ချပြပြောဆို၍ ငြိမ်းချမ်းရေး၏ အနာဂတ်ကို ပွင့်လင်းမြင်သာစွာ တွေ့ဆုံအဖြေရှာနိုင်မည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

စောအယ်လ်ဒီး

Leave a Reply