မော်လမြိုင်၊ ဇူလိုင် ၃၀

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တစ်ဆို့နေသော ခွဲမထွက်ရေးကိစ္စနှင့် တစ်ခုတည်းသောတပ်မတော် ကိစ္စရပ်များကို နှစ်ဖက်ခေါင်းဆောင်များက အကြေအလည်ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာမှသာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ရှေ့ဆက်လမ်းပွင့်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

“ကျွန်တော်တိုက်တွန်းချင်တာက ညီလာခံ မစခင်မှာ တစ်ဆို့နေတဲ့ ခွဲမထွက်ရ ကိစ္စနဲ့တစ်ခုတည်းသော တပ်မတော်ကိစ္စကို နှစ်ဖက်ခေါင်းဆောင်တွေက အကျေအလည်ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာမှသာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့ ဆက်လမ်းပွင့်သွားမှာဖြစ်ပါတယ်” ဟု နိုင်လယိတမက ပြောသည်။

ဒုတိယအကြိမ် ပင်လုံညီလာခံတွင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထစ်ဆို့လာရခြင်း၏ အကြောင်းအရင်းမှာ မိမိတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဆွေးနွေးအတည်ပြုထားပြီးမှ တပ်မတော်က တစ်ဆက်တည်းမှာ ခွဲမထွက်ရကိစ္စကို တင်ပြလာသည့်အတွက် ယင်းကိစ္စပေါ်မှာ တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တစ်ဖက်၊ တပ်မတော်က တစ်ဖက် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ပြည်ထောင်စုညီလာခံ နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့အထိ တစ်ဆို့နေကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ဆွေးနွေးပွဲများ ပြန်စမည်ဆိုပါက တစ်ဆို့နေသည့် ခွဲမထွက်ရကိစ္စနှင့် တစ်ခုတည်း သော တပ်မတော်ဖြစ်ရမ ည် ဆိုသည့်ကိစ္စများကို ပါဝင်ပတ်သက်နေသော ခေါင်းဆောင်များက ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်ရှာရန် လိုအပ်ကြောင်း သဘောတူညီမှု မရရှိပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဆက်လက်အကောင်အထည်ဖော်လျှင် ရလဒ်များ ထွက်ရှိမည်မဟုတ်ကြောင်း နိုင်လယိတမက ပြောသည်။

“ကျွန်တော်တို့အနေနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်ပြီးတော့စနိုင်ကြိုးပမ်းနေတယ်ဆိုကတည်းက ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ယုံကြည်မှုမပျောက်သေးဘူးလို့ဆိုရမှာပါ။ ကျွန်တော်တို့အနေနဲ့နိုင်ငံရေး ဆွေးနွေးပွဲ တွေပြန်ပြီးတော့ ကျင်းပနိုင်အောင် တခြားသော NCA လက်မှတ်ထိုးထားတဲ့ ဘဝတူ တိုင်းရင်းသား အဖွဲ့တွေနဲ့လက်တွဲပြီးတော့ ညှိနှိုင်းအစည်းအဝေးတွေပါဝင်နေပါတယ်။ အလွတ်သဘော ဆွေးနွေးပွဲတွေမှာ ပေါ့နော်” ဟု နိုင်ဝင်းလှ က ပြောကြားသည်။

အပစ်ခတ်တိုက်ခိုက်မှုရပ်စဲလိုက်ခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ပြန်လည်ဆွေးနွေး နိုင်စေရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်အတွက် အဓိကသော့ချက်တစ်ခုဖြစ်သည့်အပြင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်စေရေးကိုလည်း ဘဝတူတိုင်းရင်းသားအဖွဲ့များနှင့်အတူ ပါဝင်ဆောင် ရွက်နေကြောင်း ၎င်းက ဆိုသည်။

အောင်မြတ်

Leave a Reply