သားရဲဝဏ္ဏသို့ပေးစာ (၁၅)

ချစ်သောသားလေးရဲဝဏ္ဏ

ဒီကနေ့အချိန်မှာ ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့လူသားတွေရဲ့ ငြိမ်းချမ်းရေးကို အကြမ်းဖက်အုပ်စုတွေက ခြိမ်းခြောက်နေတာကို သတင်းစာ၊ သတင်းရုပ်သံ၊ ဂျာနယ်တွေ ဖတ်ကြည့်လိုက်တာနဲ့တွေ့ရတော့တာပဲမဟုတ်လား။ သာလေး fb ဖွင့်လိုက်တာနဲ့၊ အင်တာနက်သတင်းကြည့်လိုက်တာနဲ့ ဘယ်နိုင်ငံ၊ ဘယ်ကမ်းခြေမှာ ဘယ်အုပ်စုက သတ်လိုက်ပြန်ပဟဲ့၊ ပစ်လိုက်ပြန်ပဟဲ့၊ လူအုပ်ထဲကားနဲ့ဝင်တိုက်သဟဲ့နဲ့ တကယ့်ကို အထိတ်တလန့် ကမ္ဘာကြီးဖြစ်လို့နေပြီနော်။

သားလေးရေ ကမ္ဘာ့ခေါင်းဆောင်တွေက ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းဖြစ်စေဖို့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ခုကို ၂ဝ၃ဝ ပြည့်နှစ်အမီ အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ ဆုံးဖြတ်ထားခဲ့ကြတယ်။ အစိုးရတွေတစ်ခုတည်းနဲ့ ငြိမ်းချမ်းသာယာမှုမရနိုင်ဘူး။ တိုင်းသူပြည်သားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပေးမှရမှာပေါ့။ ပူးပေါင်းပါဝင်ရာမှာလည်း လူ့ရပိုင်ခွင့် (Human Right) ရဲ့ အခြေခံသဘောတရားဖြစ်တဲ့ အပြန်အလှန်လေးစားတဲ့ စိတ်နဲ့ ပူးပေါင်းပါဝင်ပေးရမှာ။ ပွင့်လင်းမြင်သာမှုရှိတဲ့ တရားဥပဒေစိုးမိုးမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့က အရေးအကြီးဆုံးပဲ။

တချို့အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ NGO၊ INGO တို့က ထောက်ပံ့ပေးထားတဲ့ ရင်းမြစ်ကို သစ္စာခံပြီး သူ့နိုင်ငံရဲ့ တရားဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်၊ နိုင်ငံရေး အကျပ်အတည်း ဖြစ်အောင် တွန်းအားပေးတာတွေကို လုပ်လာရင်တော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတာနဲ့ အတူတူပဲပေါ့သားရယ်။

ဖေဖေတို့နိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စတဲ့ မြို့နယ်တွေမှာ ဘင်္ဂါလီအကြမ်းဖက်တွေနဲ့ ရိုဟင်ဂျာ အမည်ခံ သောင်းကျန်းသူ (ARSA) တွေက ရွာတွေမှာရှိတဲ့ ရဲကင်းတွေ၊ ရွာသားတွေကို ဓား၊ လှံ၊ လေးဂွ၊ လက်လုပ်မိုင်းတွေနဲ့ အင်အားသုံးပြီး တိုက်ခိုက်ကြတယ်လေ၊ ၂၅ သြဂုတ်နေ့က ရဲကင်းစခန်း ၃ဝ လောက်ကို တစ်ပြိုင်နက် တိုက်ခိုက်သတ်ဖြတ်ကြတာ ရဲအရာရှိ၊ ရဲတပ်သား၊ လဝက ဝန်ထမ်းတွေအပြင် ရခိုင်တိုင်းရင်းသားတွေ အများကြီး သေဆုံးရတယ်။ ဓားတွေ၊ လှံတွေနဲ့ တိုက်ခိုက်တာများ ကြောက်ခမန်းလိလိ ရက်စက်လိုက်ကြတာပါ။ မြင်မကောင်းလောက်အောင် ဖြစ်ရရှာတာ။ သေဆုံးသူတွေရဲ့ မိသားစုတွေ ဘယ်လောက်များ ယူကြုံးမရဖြစ်ရလေမလဲကွယ်။

နယ်မြေစိုးမိုးအေးချမ်းမှုအတွက် ရဲကင်းတစ်ခုကို အလစ်အငိုက်မှာ ဝင်တိုက်ပြီး ရဲတွေသေဆုံးခဲ့ပြီးတဲ့နောက် နယ်မြေအတွင်းမှာ ရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ ဆက်တိုက် အသတ်ခံရ၊ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီးတော့ OIC ဆိုတဲ့ အစ္စလာမ် အဖွဲ့အစည်းကို ဗီဒီယို၊ ဓာတ်ပုံတွေနဲ့တင်ပြ။ လူမျိုးတုံး သတ်ဖြတ်မှုတွေလုပ်နေပါတယ်ဆိုပြီး လိမ်ညာသတင်းတွေလွှင့်ကြဖို့ လူထုခေါင်းဆောင်က ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ခေါင်းဆောင်တဲ့ ကော်မရှင်ဖွဲ့ပေးပြီး ကမ္ဘာကို အမှန်သတင်းပေးဖို့ ဆောင်ရွက်ခဲ့တာပေါ့သားရယ်။

မြန်မာတိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိခဲ့ဘူး ဆိုတာကို ထုတ်ပြလိုက်တာပဲ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ကနေ နိုင်ငံတွင်းဝင်ရောက်လာတဲ့ ဘင်္ဂါလီအကြမ်းဖက်အုပ်စုတွေက ရိုဟင်ဂျာဆိုတာ နိုင်ငံသား၊ တိုင်းရင်းသားပဲဆိုပြီး ခြေကုပ်ယူချင်လာတာကြောင့် ပြဿနာကြီးထွားလာကြတာပဲ။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ထိပ်တိုက်ဖြစ်လာပြီးတဲ့နောက် အကာအကွယ်မဲ့ တိုင်းရင်းသားတွေကို အကြမ်းဖက်တော့တာပေါ့ကွယ်။

နယ်စပ်ဒေသဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့လည်း နိုင်ငံတကာစံနှုန်းတွေနဲ့ ချိန်ပြီး အကြမ်းဖက်နှိမ်နင်းနေရတာသားရဲ့။ အမှောင်ကြီးစိုးချိန်မှာ အဖြူအမည်း မသဲကွဲဘူးလေ။ ဘယ်သူက အကြမ်းဖက်သမားလဲ၊ ဘက်သူက တိုင်းရင်းသားတွေလဲ ခွဲခြားရခက်နေတော့ မဲမဲမြင်ရာ ပစ်လိုက်လို့ရတာမှမဟုတ်တာ။

ဒါပေမဲ့ သားရေ အကြမ်းဖက် သမားတွေကတော့ ဆင်ခြင်တုံတရားမဲ့သွားပြီ။ ၂၆ သြဂုတ်နေ့က ဒိုင်းနက်တိုင်းရင်းသားတွေကို အကြမ်းဖက် ၁ဝဝ လောက်က ဝိုင်းဝန်ထိုး၊ ခုတ်ကြတာကြောင့် ဒိုင်းနက်တိုင်းရင်းသား ၅ ဦး သေဆုံးခဲ့ရတယ်။ မြင်းလွတ်မြို့ကနေ မောင်တောကို ရှောင်တိမ်းလာတဲ့ ဟိန္ဒူဘာသာဝင်မိသားစု ၁၂ ဦးကိုလည်း ဘင်္ဂါလီအကြမ်းဖက်တွေ ပစ်ခတ်တာကြောင့် ၆ ဦးသေဆုံးရပြန်တယ်။ သားလေးရေ…..သတ်ဖြတ်နေကြတာများ အစ္စလာမ်ဘာသာတူတွေတောင် အလွတ်မပေးကြတော့ဘူးတဲ့။

နိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၇ သြဂုတ်မှာ သတိပေးချက် ထုတ်ပြန်လိုက်တာကို သတင်းစာတွေမှာ ဖတ်လိုက်ရတယ်။ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနဲ့ ARSA အကြမ်းဖက်အုပ်စုကို ထောက်ခံ၊ အားပေးကူညီတဲ့ ပြုမူချက်တွေ၊ ထောက်ပံ့တာတွေ မီဒီယာကနေ ထောက်ခံရေးသားတာတွေကို မပြုလုပ်ဖို့ သတိပေးလိုက်တာပဲ။ အေးချမ်းစွာ နေထိုင်ရေးအတွက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားတယ်လေ။

သားလေးရေ ဖေဖေတို့ ဗုဒ္ဓမြတ်စွာက အစွန်းတရားကိုရှောင်၊ အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဋာကို ကျင့်သုံးဖို့ ဟောကြားခဲ့တယ်။. ငါ့ဘာသာက အမြတ်ဆုံး၊ ငါ့လူမျိုးက အမြင့်ဆုံး၊ ငါတို့ကသာလျှင် အမှန်ဆုံး၊ ငါတို့က တိုင်းပြည်အချစ်ဆုံး…စတဲ့ စကားအလွန်အကျူးတွေနဲ့ အစွန်းရောက်လာတဲ့အခါ ပဋိပက္ခ တွေကြီးထွားလာတာပဲ။ ပြီးခဲ့တဲ့ မဆလအစိုးရ လက်ထက်မှာ ခိုးဝင်ဘင်္ဂါလီတွေကို လက်ခံပေးခဲ့၊ နောက် မသမာသူဝန်ထမ်းအသီးသီးတွေကြောင့် နိုင်ငံသားတွေ ဖြစ်ကြ၊ ခိုးဝင်မစဲတသဲသဲနဲ့ အင်အားကြီးထွားလာတာမှ လွှတ်တော်ထဲထိရောက်လာကြ။ အိမ်ရှင်ကို ဧည့်သည်က စော်ကားလာကြ၊ နောက်ဆုံးတော့ နယ်မြေလုပြီး ပိုင်စိုးလိုကြ။

ဖြစ်သင့်ရဲ့လား။ ဒီအနောက်တံခါး ကျိုးပေါက်တာကို အခုချိန်မှာ အပြစ်တင်မှုတွေ ခဏရပ်ပြီး ကာကွယ်ကြရတော့မယ်။ အကြမ်းဖက်အုပ်စုတွေကို ပြတ်ပြတ်သားသားမောင်းထုတ်ရတော့မယ်။ ဘာသာရေးဘက်ယိမ်းလာအောင် ပဋိပက္ခဖန်တီးသူတွေကို ချေမှုန်းရတော့မယ်။ မီဒီယာတွေကလည်း ဘက်လိုက်မှုတွေ ကင်းရလိမ့်မယ်။ ဒေါ်လာရဲ့ နောက်လိုက်ပြီး ကိုယ့်မြေ၊ ကိုယ့်ရေကို မတရားကျူးကျော်၊ ကိုယ့်တိုင်းရင်းသားတွေကို သတ်ဖြတ်နေတာတွေ သိပါလျက် ဘက်လိုက်ရေးတာမျိုးကိုတော့ ပြတ်ပြတ်သားသား တုန့်ပြန်ရမှာပဲ သားရေ။

သားလေးရဲဝဏ္ဏရေ….. ဥရောပမှာလည်း IS တွေ (အစွန်းရောက်) အာရပ်ပင်လယ်ကွေ့မှာလည်း IS တွေ၊ အာရှမှာလည်း IS တွေ အကြမ်းဖက်နေကြတာနော်။ အကြမ်းဖက်တွေရဲ့ နောက်ဆုံးလားရာကတော့ ထပ်တူထပ်မျှ ပြန်လည်ခံစားရခြင်းပဲ။ ဓမ္မဟာဘယ်တော့မှ မကျဆုံးပါဘူး။ အဓမ္မတွေ လွှမ်းမိုးမှုဘယ်တော့မှ မရှိကြရဘူး။

တိုင်းရင်းသားပြည်သူတွေ၊ ကလေးငယ်တွေ ဘာအပြစ်မှမကျူးလွန်ရပါလျက်နဲ့ ရက်ရက်စက်စက် အသတ်ခံရတာကို ဖေဖေတို့တစ်မျိုးသားလုံး ကြေကွဲခံစားရပါတယ်။ လက်သဲဆိတ်တော့ လက်ထိပ်နာကြတာပါပဲသားရယ်။
ကမ္ဘာကြီးမှာ ရှိတဲ့ လူသားတိုင်း တရားမျှတစွာနေထိုင်ကြ၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ကြ၊ လူ့ရပိုင်ခွင့်ကို ထိန်းသိမ်းကြ၊ သူ့ဘာသာကိုယ့်ဘာသာကို အပြန်အလှန်တန်ဖိုးထားကြမယ်ဆိုရင် ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်မှာ သေချာလှတယ်။

သားလေးရေ ဓမ္မပဒ-၂ဝ၇ မှာ “သူမိုက်နှင့် ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလရှည်မြင့်စွာ စိုးရိမ်ရ၏။ လူမိုက်တို့နှင့် အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏။ ပညာရှိနှင့် အတူတကွနေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွနေထိုင်ရသကဲ့သို့ ချမ်းသာ၏“ လို့ဖော်ပြထားတယ်။ သားလည်း ဖတ်ဖူးလိမ့်မယ်။

အကြမ်းဖက်တွေဟာ သူမိုက်ပဲ။ သူမိုက်နဲ့ပေါင်းရင်တော့ စိုးရိမ်မှုရှည်ကြာမယ်။ အန္တရာယ်ရှိမယ်။ ဒါကြောင့် အကြမ်းဖက်သူမိုက်တွေနဲ့ ပင်းနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မီဒီယာတွေလည်း စိုးရိမ်ကြောင့်ကြရလိမ့်မယ်။
ကမ္ဘာကြီးကို သူယုတ်မာတို့၊ အစွန်းရောက်တို့၊ အကြမ်းဖက်တို့ ထိပါး၊ ပုတ်ခတ်နေကြပြီ။ အဓမ္မတွေ ကမ္ဘာပတ်နေပြီ။ ဓမ္မဖက်သူအားလုံးက ညီညီညွတ်ညွတ် တုန့်ပြန်ကြရတော့မယ်။

ဖေဖေတို့ နိုင်ငံရဲ့ မြေတစ်လက်မမျှ အဆုံးရှုံးခံလို့မဖြစ်ဘူး၊ မောင်တောသာ အကြမ်းဖက်တွေ လက်ထဲကျရောက်သွားရင် တိုင်းရင်းသားတွေ၊ ဝန်ထမ်းတွေကို လူသားဒိုင်းလုပ်ပြီး အစိုးရကို အကျပ်ကိုင်အခွင့်အရေးတွေ တောင်းတော့မှာနော်…..။

ရရိုးလားသားရယ်။ အစိုးရတပ်မတော်၊ ပြည်သူအားလုံးလက်တွဲညီညာရမှာပေါ့၊ တွန်းလှန်ရမှာပေါ့၊ အမြစ်ဖြတ်ရမှာပေါ့။
သားလေးရဲဝဏ္ဏရေ…အကြမ်းဖက်လုပ်ရပ်အားလုံးကို ရှုတ်ချပါ။ အဓမ္မဝါဒီတွေကို တုန့်ပြန်ပါ၊ ကိုယ့်ကိုယ်ကို ချစ်တဲ့အပြင် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်နိုင်ငံသားတွေကို ချစ်ပါ၊ ကိုယ့်နိုင်ငံကို ချစ်ပါ။ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းကိုချစ်ပါ။ ရခိုင်မြောက်ပိုင်း ဖြစ်စဉ်တွေကို အလေးထားခံစားပါ။ ဒီအကြောင်းတွေကို သူငယ်ချင်းတွေဆီ လက်ဆင့်ကမ်းပါ။
ငြိမ်းချမ်းသော၊ တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းကို ကြိုဆိုလိုက်ပါ သားရေ။

သားရဲ့ ချစ်သော ဖေဖေ

Written by ရဲသျှမ်း

Leave a Reply