မော်လမြိုင် ၊ သြဂုတ်

မွန်ပြည်နယ် မော်လမြိုင် ရွှေစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားကို တစ်ဆယ့်နှစ်သိန်း နှစ်သောင်း လေးထောင်အထိ သိသိသာသာ မြင့်တက်သွားသော်လည်း ငွေကြေးဈေးကွက်မတည်ငြိမ်မှုကြောင့် အခေါက် ရွှေဝယ်ယူစုဆောင်းသူများပြားနေကြောင်း မော်လမြိုင်မြို့ ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

“အခုလက်ရှိ ကမ္ဘာ့ရွှေစျေးကတဖြည်းဖြည်း မြင့်တက်လာတယ်၊ ငွေစျေးလည်း နည်းနည်းထပ်တက်လာတဲ့အတွက် စျေးတက်သွားတယ် ဝယ်လိုအားများတဲ့အတွက်အရောင်းအဝယ်ပိုင်းမှာကတော့ အဝယ်သမားများလာတယ် ငွေဖောင်းပွတဲ့အပေါ်မှာမူတည်ပြီးတော့ ရွှေဝယ်ကြတာများတယ်” ဟု ပွင့်စုံသင်းရွှေဆိုင်ပိုင်ရှင် ဦးခင်ဇော် ကပြောကြားသည်။

ရန်ကုန်မြို့ရှိအခေါက်ရွှေစျေးတစ်ကျပ်သားလျှင် ၁၂ သိန်း၃ သောင်းခန့်ရှိပြီး မော်လမြိုင်ရွှေစျေးနှင့် ၁၀၀၀၀ နီးပါးကွာဟကြောင်းသိရှိရသည်။

မော်လမြိုင်ရွှေစျေးကွက်အတွင်းတွင် ၁၅ ပဲရည် ရွှေတစ်ကျပ်သား ၁၁ သိန်း ၅ သောင်း၅ ထောင်ကျပ်၊ ၁၂ ပဲရည် တစ်ကျပ်သား ၉ သိန်း ၁ သောင်း၈ ထောင်ကျပ်ခန့် မြင့်တက်နေကြောင်း ရွှေဆိုင်များထံမှသိရှိရသည်။

ယခုလတ်တလော ကမ္ဘာ့ရွှေစျေးမှာတစ်အောင်စကို ၁၅၁၃ ဒေါ်လာခန့်ရှိကြောင်း ရွှေလုပ်ငန်းရှင် အသင်းများထံမှသိရသည်။

ယခင်ဇူလိုင် ၂၆ ရက်နေ့တွင် မော်လမြိုင် အခေါက်ရွှေစျေးတစ်ကျပ်သားလျှင် ၁၁ သိန်း၃ သောင်း ၉ ထောင်ကျပ်၊၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁၀ သိန်း ၄ သောင်း ၅ ထောင်ကျပ်၊ ၁၂ ပဲရည် တစ်ကျပ်သား ၈ သိန်း ၆ သောင်းကျပ်ခန့်သာရှိနေကြောင်း ရွှေလုပ်ငန်းရှင်အသင်းကဆိုသည်။

လဲ့လဲ့ဝင်း

Leave a Reply