မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မော်လမြိုင်မြို့တွင်းရှိ စားသောက်ဆိုင် သုံးဆိုင်သည် ငွေလက်ငင်းဖြတ်ပိုင်း၌ အခွန်အမှတ်တံဆိပ် ကပ်ထားခြင်း မရှိသောကြောင့် တစ်ဆိုင်လျှင် ငွေကျပ်နှစ်သိန်းစီ ဒဏ်ရိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် အခွန်ဦးစီးဌာနမှ သိရသည်။

ဒဏ်ရိုက်ခံရသော စားသောက်ဆိုင်များသည် ဒုတိယအကြိမ် ထပ်မံကျူးလွန်းပါက ငွေကျပ်ငါးသိန်း ဒဏ်ငွေ ဆောင်ရမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူး ဦးဝင်းခိုင်က ဆိုသည်။

အလားတူ တတိယအကြိမ်အထိ် လိုက်နာဆောင်ရွက်ခြင်း စိစစ်တွေ့ရှိပါက ငွေကျပ် ၁၀ သိန်း ဒဏ်ငွေ ဆောင်ရမည်ဖြစ်ပြီး အခြားသော အခွန်အမှတ်တံဆိပ် ကပ်ထားခြင်းမရှိသည့် စားသောက်ဆိုင်များကိုလည်း လိုက်လံ စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ အခွန်အမှတ်တံဆိပ်များကို သိန်း ၂၀ဝ အထက် ရောင်းရသော စားသောက်ဆိုင်ကြီးများမှ ၎င်းတို့၏ ငွေလက်ငင်း ဖြတ်ပိုင်းတွင် အခွန်အမှတ်တံဆိပ် ကပ်ပေးရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့ ငွေလက်ငင်းဖြတ်ပိုင်းများတွင် အခွန်အမှတ်တံဆိပ်များ ကပ်ပေးခြင်းကြောင့် ကောင်းမွန်သော်လည်း ဆိုင်အချို့တွင် ကပ်ထားခြင်းများ မတွေ့ရှိကြောင်း အသက် ၃၀ ကျော်အရွယ်ရှိ ဦးဟိန်းသက်အောင်က ဆိုသည်။

“ဒီလို ကပ်ထားပေးတာတော့ ကောင်းပါတယ်၊ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အခွန်ဆောင်ရပါတယ်”ဟု ၎င်းက ပြောသည်။

သို့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စတွင် မော်လမြိုင်မြို့နယ်ရှိ စားသောက်ဆိုင်ကြီးများကို ၎င်းတို့၏ ငွေလက်ငင်းဖြတ် ပိုင်းပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်ရန်အတွက် တွေ့ဆုံပြောဆိုထားပြီးဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူး ဦးဝင်းခိုင်က ဆိုသည်။

Written by ရင်ငြိမ်းချမ်း

Leave a Reply