မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၂ ။ ။ မော်လမြိုင်မြို့၊ စျေးကြို၊ ခြံကြီးရပ်ကွက် မြဟင်္သာလမ်းရှိ King Myanmar သောက်ရေသန့် စက်ရုံရှေ့ မျက်နှာချင်းဆိုင် ခြံဝင်းအတွင်းရှိ ရေတွင်းထဲသို့ ဖေဖော်ဝါရီလ ၁၁ ရက် ည ၈ နာရီခန့်က လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ပြီး ပြုတ်ကျ သေဆုံးကြောင်း စျေးကြိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ပြောသည်။

သေဆုံးသူလင်မယားနှစ်ဦးမှာ စျေးကြိုရပ်ကွက်၊ ခြံကြီးလမ်း မွန်စုရပ်တွင်နေထိုင်ပြီး King Myanmar သောက်ရေသန့် စက်ရုံတွင် အလုပ်လုပ်နေသော ဦးရန်မျိုးအောင်နှင့် ထိုစက်ရုံမှ စာရေးမဖြစ်သူ ဒေါ်ရင်ရင်ခိုင် တို့ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မနေ့ ညက ၈ နာရီလောက် ဒီမှာကွမ်းလာဝယ်ပြီး သူတို့လင်မယားနှစ်ယောက် ရန်ဖြစ်နေကြတယ်၊ သူ့မိန်းမက သူ့ကို ပါးသုံးချက်လောက် ဆင့်ရိုက်လိုက်တယ်၊ သူ့ယောကျင်္ားက ကျုပ်ပြန်ထိုးမိတော့မယ် လို့ပြောတော့ မိ်န်းမဖြစ်သူက အဲဒီခြံအပေါက်ကနေပြေး ၀င်သွားတယ်၊ ကျွန်တော်တို့ အစ်မ ကလှမ်းအော်သေးတယ်။အဲဒီမှာ ရေတွင်းရှိတယ်နော် ဆိုပြီး အော်ပြောလိုက်တယ်၊ နောက်သူ့ယောကျင်္ားက ပြေးလိုက်ဝင်သွားတယ်”ဟု အခင်းဖြစ်ပွားရာ ခြံအနီးတွင်နေထိုင်သူ ကွမ်းယာဆိုင်မှ ဦးအုန်းဝေက ပြောသည်။

ယင်း လင်မယားနှစ်ဦးမှာ မကြာခဏ စကားများ ရန်ဖြစ်လေ့ရှိကြောင်း ၎င်းက ထပ်မံပြောသည်။
well2
“နဲနဲကြာလာတော့ ကျွန်တော့် အစ်မ က သူတို့ပြန်မထွက်လာသေးဘူး၊ တို့သွားကြည့်ရအောင်ဆိုပြီး ရေတွင်းကို သွားကြည့်တယ်၊ ရေကနောက်နေတော့ ဘာမှမမြင်ရဘူး၊ အိမ်ပြန်ရောက်မှာပဲဆိုပြီး သွားကြည့်တော့ အိမ်မှာလဲမရှိကြဘူး၊ ဒါဆိုရေတွင်းထဲ ပြုတ်ကျတာ သေချာပြီး ရေတွင်းထဲပြန်ကြည့်တော့ ဖိနပ်နဲ့ ပိုက်ဆံအိတ် ပေါ်လာတယ်၊” ဟု ၎င်းကထပ်လောင်းပြောကြားသည်။

ယင်းနောက် တွင် ရပ်ကွက် အုပ်ချုပ်ရေး မှူး နှင့် ရဲစခန်းကို အကြောင်း ကြား ပြီး ည၁၂ နာရီ ထိ ဆက်လက်ရှာ ဖွေသော်လည်း မတွေ့ ခဲ့ကြောင်း ဦးအုန်းဝေကရှင်းပြသည်။

“ရဲတွေ က ရေတွင်းထဲကျတာ ဟုတ်ချင်မှဟုတ်မယ်ဆိုုပြီး ပြန်သွားတယ်၊ ည ၁၂ နာရီလောက်ထိုး နေပြီးဆို တော့ ကျွန်တော်တို့လဲ ဆက်မရှာရဲတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ၎င်းရပ်ကွက် ရာအိမ်မှူးမှ ရေတွင်းထဲသို့ ထပ်မံကြည့် ရှုရာ ဖိနပ်နှစ်ရံ ပေါ်နေသဖြင့် ရဲစခန်းနှင့် မီးသတ်တပ်ဖွဲ့တို့ကို အကြောင်းကြားပြီး နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် အကာရံမဲ့ ရေတွင်းထဲမှ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည့် အလောင်းနှစ်လောင်းကို ဆယ်ယူခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရန် မုပွန်နယ်မြေ ရဲစခန်း မှသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၆) အရ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်း နယ်မြေရဲစခန်း၏ မှတ်တမ်းတွင် ဖေါ်ပြထားသည်။

Leave a Reply