Advertisements
စွပ်စွဲခံထားရသူတစ်ဦးဖြစ်သည့် စိုက်ခင်းဝန်ထမ်း မရွှန်းလဲ့မြတ်နိုးကို ဇန်နဝါရီလ ၁၃ ရက်က မြင်းခြံခရိုင် တရားရုံးတွင် တွေ့ရစဉ်

ဇန်နဝါရီလ ၂၇ ရက် ရုံးချိန်းတွင် တရားရုံးသို့ ရောက်မလာပါက ၎င်းအတွက် အာမခံကြေးငွေကို တရားရုံးက လျော်ကြေးအဖြစ် သိမ်းဆည်းမည် ဖြစ်သည်။

ဆေးခြောက်နွယ်ဝင် စက်မှုလျှော်ပင်များ စိုက်ပျိုးမှုကြောင့် မြင်းခြံခရိုင်တရားရုံးတွင် အာမခံနှင့် တရားရင်ဆိုင်နေသူ အမေရိကန်နိုင်ငံသားသည် တရားရုံးချိန်း ငါးကြိမ် ပျက်ကွက်ခဲ့ပြီး ၎င်းကိုလည်း အဆက်အသွယ်ပြုလုပ်ခြင်း မရှိဟု ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။

မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်းအတွင်း ဧက ၂၀ ရှိ စက်မှုလျှော်ပင်စိုက်ခင်းများ စိုက်ပျိုးမှုကြောင့် အသက် ၆၄ နှစ်အရွယ် အမေရိကန်နိုင်ငံသား John Fredric Todoroki (ဂျွန် တိုဒိုရိုကီ) နှင့် စိုက်ခင်းအလုပ်သမား နှစ်ဦးတို့ကို မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)၊ ၂၀(က)၊ ၂၁ တို့အရ ဧပြီလတွင် ဖမ်းဆီး အမှုဖွင့်ခဲ့သည်။

Todoroki သည် နိုဝင်ဘာလဆန်းမှစကာ ယနေ့ (ဇန်နဝါရီလ ၁၃ ရက်) အထိ ရုံးချိန်း ငါးကြိမ် ပျက်ကွက်ခဲ့ပြီး နောက်တစ်ကြိမ်ရုံးချိန်း ပြုလုပ်မည့် ဇန်နဝါရီလ ၂၇ ရက်တွင် တရားရုံးသို့ ရောက်မလာပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ ၎င်းကို အာမခံပေးထားသူ၏ အာမခံကြေးငွေကို တရားရုံးက လျော်ကြေးအဖြစ် သိမ်းဆည်းမည်ဟု မြင်းခြံခရိုင် တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ပြောသည်။

Todoroki ကို မူးယစ်ဥပဒေပုဒ်မ၊ လဝက အက်ဥပဒေပုဒ်မ၊ မျိုးစေ့ဥပဒေပုဒ်မ တို့ဖြင့် မြင်းခြံခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြီး ၎င်း၏ မိတ်ဆွေဟုဆိုသူ ဦးခင်မောင်ဝင်းက ပုဒ်မ သုံးခုလုံးအတွက် စုစုပေါင်း သိန်း ၃,၁၅၀ ဖြင့် အာမခံပေးထားခြင်း ဖြစ်သည်။

ဇန်နဝါလ ၁၃ ရက်နေ့ ရုံးချိန်းတွင် စွပ်စွဲခံထားရသူများအနက်မှ မရွှန်းလဲ့မြတ်နိုးသည် ကျန်းမာရေးမကောင်းမွန်သည့်အတွက် အာမခံပေးရန်လည်း ဦးသိန်းသန်းဦးက လျှောက်ထားခဲ့သည်။

ထို့အပြင် အဆိုပါစက်မှုလျှော်ပင်များသည် မူးယစ်ဆေးဝါး ဖြစ်၊ မဖြစ်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်ခုခုတွင် ဓာတ်ခွဲစမ်းသပ်ပေးရန်လည်း စွပ်စွဲခံရသူများဘက်က တောင်းဆိုထားသည်ဟု တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ပြောသည်။

“ဒီကိစ္စကတော့ အမှုရဲ့ အရည်‌အသွေးပိုင်းဖြစ်တဲ့အတွက် အမှုမပြီးပြတ်ခင်မှာ ပြောဆိုပေးလို့ မရနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စိုက်ခင်းတာဝန်ရှိသူများဖြစ်သည့် အခြားအမေရိကန်နိုင်ငံသား ငါးဦးမှာ အမှုဖြစ်ပွားစဉ်က မြန်မာနိုင်ငံအတွင်း ရှိမနေသည့်အတွက် မဖမ်းဆီးနိုင်ခဲ့ပေ။

စိုက်ခင်း ဧက ၂၀ တွင် ဆေးခြောက်ပင် ခန့်မှန်းအရေအတွက် ၃၅၀,၀၀၀ နှင့် ပျိုးပင် ၅,၂၀ဝ ခန့်ရှိပြီး ဆေးခြောက် မျိုးစေ့ ကီလို ၃၈၀၊ ဆေးခြောက် ၂၇၀.၅ ကီလိုနှင့် ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိသည်ဟု မူးယစ်ဗဟိုအဖွဲ့က ဧပြီလတွင် သတင်းထုတ်ပြန်ခဲ့သည်။

စက်မှုလျှော်ပင်စိုက်ခင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စမ်းသပ်စိုက်ခင်းအဖြစ် တစ်နှစ် တရားဝင်ခွင့်ပြုခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့်အချိန်မှာ တစ်နှစ်ပြည့်ရန် လအနည်းငယ်သာ လိုတော့ကြောင်း မြို့သာစက်မှုဇုန် တာဝန်ရှိသူများက ဆိုသည်။

တိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့သည့် စာများနှင့် အစိုးရက ခွင့်ပြုခဲ့သည့်စာများ၊ စိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့များကို တင်သွင်းစဉ်က တရားဝင်လမ်းကြောင်းမှ တင်သွင်းခဲ့ကြောင်း အထောက်အထားများကို စက်မှုဇုန် တာဝန်ရှိသူများက တရားရုံးသို့ သက်သေတင်သွင်းထားခဲ့ကြောင်းလည်း စွပ်စွဲခံရသူများ၏ ရှေ့နေများက ပြောသည်။

စက်မှုလျှော်ပင်မှာ မူးယစ်ထုံထိုင်းစေသည့် အာနိသင် သုည ဒသမ ၃ ရာခိုင်နှုန်းလောက်သာ ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ယင်းအပင်များကို ဆေးခြောက်ဟု မသတ်မှတ်ဘဲ မူးယစ်ဆေးဥပဒေတွင် ထည့်သွင်းသတ်မှတ်ရန် သဘောတူထားပြီး ဖြစ်သည်ဟုပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွဲ့ဖြိုးရေးကော်မတီကို ကိုးကား၍ ပြည်တွင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။

ရန်မိုးနိုင် Myanmar Now

Leave a Reply