မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ စက်မှုသုံးအရက်ပြန်စက်ရုံ၏ စွန့်ပစ်ရေဆိုးကြောင့် စက်ရုံပတ်ဝန်းကျင်ရှိ ကန်ရေများ၊ သောက်သုံးရေများ အခဲဆိပ်ဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာနှင့် ပြည်နယ်အစိုးရ စစ်ဆေးမှုများ ကွဲလွဲချက်များရှိနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထန်းသိမ်း ရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

“ရလဒ်ကွဲလွဲချက် မတူတာက ဒီလိုပါ၊ ဓာတ်ခွဲခန်းခြင်းမတူဘူး၊ စက်ခြင်းမတူတော့ ရလဒ်ကကွဲလွဲတယ်။ ကွဲလွဲသွားတာက အခဲဆိပ်တွေနဲ့ ချဉ်ဖန်ကိန်း BX တွေပဲ ကွဲလွဲတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် စွန့်ပစ်ရေးများကြောင့် သောက်သုံးရေများ၊ ကန်ရေများ အခဲဆိပ်ဖြစ်နေသည်ကို သွားရောက်စစ်ဆေး သည့်အခါ ရာသီသုံးခုစလုံး စစ်ဆေးသည့်ရလဒ်များ ပြောင်းလဲမှုရှိနေမည်ဖြစ်ပြီး နောင်လာမည့် နွေရာသီအထိ သွားရောက်စစ်ဆေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဓိကတော့ ဒီအခဲဆိပ်တွေက ဘယ်ကနေလာလဲ၊ အခဲဆိပ်က ဘာလို့များနေလဲ၊ ရေးကလည်း BX ဘာလို့ ပြောင်းလဲနေလဲ၊ အခုသွားစစ်မယ့်ရေတွေက ပြောင်းလဲမှုတွေက ရှိနေမှာပဲ၊ ရေးနည်းတဲ့အချိန်သွားစစ်တာနဲ့ ရေးများတဲ့အချိန်သွားစစ်တာ အခုမိုးရွာလို့ ရေးတွင်းထဲမှာ ရေးကများလာတော့ အငံဓာတ်တွေ ဘာတွေ ကျတော့ ပြောင်းလဲသွားနိုင်တယ်”ဟု ဒေါက်တာမင်းကြည်ဝင်း ပြောဆိုသည်။

ဘီးလင်းမြို့ ကန်ဘဲ့အင်းဝန်းကျင်ရှိ ရပ်ကွက်၊ ကျေးရွာများသည် ရေဆိုး၏ အနံ့များ ရှုရှိုက်မိသည့်အတွက် အော့အန်ခြင်း၊ မူးဝေခြင်းများကို ဒေသခံပြည်သူများက ခံစားနေရသည့်အပြင် စွန့်ပစ်ရေဆိုးများက မြေကြီးထဲသို့ စိမ့်ဝင်မှုကြောင့် မြေများပျက်စီးသွားပြီး လယ်ယာမြေများ၊ ခြံမြေများ၊ စိုက်ပျိုးမရသည့် အခြေအနေတစ်ခုထိ ဖြစ်နေကြောင်း ကန်သာယာရပ်ကွက် အင်းဝိုင်းကုန်းအပိုင်းနေ ဒေသခံပြည်သူတစ်ဦးက ရှင်းပြသည်။

“အခုလို စက်ရုံကို ပိတ်ကာနောက်တောင်ကျနေပြီး။ ဘာ့ကြောင့်လည်းဆိုတော့ ကန်ဘဲ့အင်းကြီးဆိုရင် လုံးဝပျက်ဆီးသွားပြီး။ အခုလက်ရှိ စက်ရုံပတ်ဝန်းကျင်မှာရှိတဲ့ တွင်းရေ၊ ကန်ရေတွေ သောက်သုံးလို့လုံးဝ မရတော့ဘူး” ကန်သာယာရပ်ကွက် အင်းဝိုင်းကုန်းအပိုင်းနေ ဒေသခံပြည်သူတစ်ဦးကရှင်းပြသည်။

စွန့်ပစ်ရေတွေကြောင့် အခက်ကြုံနေရသည့် ဒေသခံများတွက် သောက်သုံးရေများကို ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၊ ကန်ဘဲ့အင်းနှင့် မြို့ပေါ်ရပ်ကွက်သုံးခုရှိ သောက်သုံးရေတွင်း၊ ရေကန်ရေများတွင် ရေအရည်အသွေး နိမ့်ကျနေပြီး သောက်သုံးရန် သင့်လျော်ခြင်းမရှိကြောင်း၊ တင်ပြထားရှိမှုအပေါ် မေလ ၄ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

စက်မှုဝန်ကြီးဌာန ဘီးလင်းစက်မှုအရက်ပြန်ထုတ်လုပ်ရေး ကုမ္ပဏီလိမိတက်၏ စက်မှုသုံးအရက်ပြန်စက်ရုံသည် စွန့်စက်မှုမှတ်ပုံတင်ထားခြင်းမရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင်းဆိုင်ရာ ဆန်းစစ်ချက်အရ IEE, EIA, SIA, EMP တို့နှင့် အညီ ဆောင်ရွက်ထားမှုမရှိသဖြင့် မေလ ၅ ရက်က စက်ရုံလုပ်ငန်းများအား ယာယီရပ်ဆိုင်းထားရန်နှင့် စက်ရုံပြန်လည်ဖွင့်လှစ်မည်ဆိုပါက IEE, EIA, SIA, EMP တို့နှင့်အညီ ဆောင်ရွက်ပြီးစီးမှုကို ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြန်ရန် ဆုံးဖြတ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြောင်းကြားစာတွင် ဖေါ်ပြပါရှိသည်။

Written by – ရွှေရိုး

Leave a Reply