Advertisements

ရန်ကုန်၊ အောက်တိုဘာ(၅)ရက်။

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အတွင်းရှိ စက်ရုံ(၂၀)မှ အလုပ်သမားအမျိုးသမီးများ အကြမ်းဖက်ခံရသည်ဆို သော အစီရင်ခံစာထုတ်ပြန်မှုကြောင့် နိုင်ငံတော်၏ ပုံရိပ်နှင့် စီးပွားရေးထိခိုက်နိုင်သဖြင့် Action Aid Myanmar အနေဖြင့် ပြန်လည်ဆန်းစစ်၍ အမြန်ဆုံးဆောင်ရွက်ပေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုရဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် အောက်တိုဘာ(၄) ရက်က ကျင်းပသည့် မြန်မာနိုင်ငံရှိ ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ထင်မြင်ယူဆချက် အမျိုးမျိုးကွဲလွဲနေခြင်းကို သိရှိနားလည်စေရန် ရှင်းလင်းတင်ပြခြင်း သတင်းစာရှင်းပွဲတွင် ဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီသတင်းအမှား ကြေညာထားတဲ့အပေါ်မှာ ActionAid ကို တောင်းဆိုချင်ပါတယ်။ ဒီကြေညာချက်ကို ပြန် လည်သုံးသပ်စီစစ်ပြီးတော့ ကျွန်တော်တို့ လေ့လာစစ်ဆေးထားတဲ့ အစီရင်ခံစာကို လေ့လာပြီးတော့ ပြန်လေ့ လာချင် လေ့လာပါ။ လက်ဖက်ရည်ဆိုင်မှာ တွေ့တဲ့သူကို မေးမြန်းပြီးတော့ လုပ်ထားတာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုလုပ်ထားတာက ကျွန်တော်တို့ နိုင်ငံတော်အတွက် အင်မတန်နစ်နာပါတယ်။” ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

Action Aid Myanmar အနေဖြင့် ယင်းအစီရင်ခံစားကို မှားနေပါတယ်ဟု ကြေညာပေးမလား၊ အစီရင်ခံစာကို ရပ်ဆိုင်းမလား၊ အစီရင်ခံစာကို အသစ်ပြန်လည် ထုတ်ပေးမလား အမြန်ဆုံးပြန်လည်လုပ်ပေးစေလိုကြောင်း ဦးဇော်အေးမောင်က ဆက်ပြောသည်။

Action Aid Myanmar မှ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များရှိ စက်ရုံ(၂၀)ကို စစ်တမ်းကောက်ယူထားသည့် Safety Audit on Women Garment Factory Workers in Yangon“အမျိုးသမီးစက်ရုံ အလုပ်သမားများ၏ အကြမ်းဖက်ခံရမှု အတွေ့အကြုံများကို ဘေးကင်းလုံခြုံမှု ဆန်းစစ်ခြင်းဖြင့် ကြောက်ရွံ့မှုနှင့် ထိခိုက်လွယ်မှုကို ပိုဆိုးစေပြီး အကြမ်းဖက်မှုသို့ ဦးတည်စေသော အဓိကအချက်များကို တိကျသောရှု့ထောင်များမှ သုတေသန ပြုလုပ်ခြင်း” စစ်တမ်းကို ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ အထူးသဖြင့် စကားလုံးအသုံးအနှုန်း ဘာသာပြန်ထားတဲ့အပေါ်မှာ ပြန်ပြီးစိစစ်နေပါတယ်။ ပြန်စိစစ်တာကိုပဲ ကျွန်မတို့အနေနဲ့ လုပ်လို့ရမှာပါ။ တွေ့ရှိချက်တွေနဲ့ ပြောကြားချက်တွေက အမျိုးသမီးအလုပ် သမားတွေ ကိုယ်တိုင်က ပြောတာဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့အနေနဲ့ ပြင်ဆင်ခွင့်လည်း မရှိဘူး။ ပြောင်း လဲခွင့်လည်း မရှိဘူး။ အဲ့ဒါကြောင့် အစီရင်ခံစာမှာ သူတို့ပြောတာတွေကို မှတ်သားပြုစုပြီး ထုတ်ပေးရတဲ့ အတွက် အနှစ်သာရလဲ လုံးဝပျက်သွားမှာ။ ကျွန်မတို့က ဒီအထည်ချုပ်စက်ရုံကဏ္ဍတစ်ခုလုံး ကိုယ်စားပြုပြီး လုပ်တာ မဟုတ်ဘူး။ Action Aid Myanmar က အမျိုးသမီးအခွင့်ရေးတွေနဲ့ အလုပ်လုပ်တာ။” ဟု Action Aid Myanmar ၏ အမျိုးသမီးအခွင့်ရေးဌာန တာဝန်ခံ ဒေါ်ခိုင်ဇာလင်းက ပြောသည်။

အဆိုပါ စစ်တမ်းကောက်ယူထားသည့် အမျိုးသမီးများ လုပ်ကိုင်လျက်ရှိသည်ဟုဆိုသော စက်ရုံများသည် နိုင်ငံတကာ အသိအမှတ်ပြု တာဝန်ယူ၊ တာဝန်ခံမှုရှိသော၊ ဘေးကင်းလုံခြုံသော (BSCI Compliant) လက်မှတ်ရရှိထားသည့် လုပ်ငန်းများဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

Written by – MMK

Advertisements
<

Leave a Reply