စက်သုံးဆီ အရည်အသွေး ဓါတ်ခွဲစစ်ဆေးမည်

ထားဝယ် ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရ ပုဂ္ဂလိက ဆိုင်များမှ စက်သုံးဆီအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရန် ဆီနမူနာများ ကောက်ယူလျက်ရှိကြောင်း သိရသည်။

“မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေနဲ့ ဆိုင်တွေကို သတ်မှတ်စံချိန်စံ ညွှန်းနဲ့ရောင်းချလား၊ မရောင်းချဘူးလားဆိုတာကို သိချင်တဲ့အ တွက် စက်သုံးဆီ နမူ နာကောက်တာ”ဟု တိုင်းဒေသကြီးရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်း သိမ်းကြီးကြပ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးသန်းထွေးက ဆိုသည်။

ဆီနမူနာများကို  အမှတ်(၁) သန်လျင်ရေနံချက်စက်ရုံ ရန်ကုန် ရှိ ဓါတ်ခွဲခန်းသို့ ပို့ဆောင်၍ စစ်ဆေးမည်ဟု သိရသည်။

ထားဝယ်ခရိုင်တွင် စက်သုံးဆီဆိုင် ၅ဆိုင်ကို ဇန်နဝါရီ ၁၉ရက်တွင် စစ်ဆေး၍ ဆိုင် ၂ဆိုင်မှ ဆီနမူနာကို ကောက်ယူခဲ့ကြောင်း၊ တိုင်းအတွင်းရှိ လိုစင်ရ အခြား ဆိုင်အားလုံးကိုလည်း အခါအားလျော်စွာ ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

အရည်အသွေး လျော့ကျနေကြောင်း ဓါတ်ခွဲစစ်ဆေး တွေ့ရှိပါက ယင်းဆပ်ကော်မတီမှတဆင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ သို့ထပ်မံတင်ပြရမည်ဟု သိရသည်။

သတ်မှတ်အရည်အသွေးမပြည့်မီသည့် စက်သုံးဆီများ ရောင်းချလျှင် ရောင်းချသည့် ဆိုင်ကို ပထမအကြိမ်တွင် စာဖြင့် သတိပေးခြင်းပြုလုပ်မည်ဖြစ်ပြီး ယင်း နောက်လိုက်နာမှု မရှိလျှင် ဆိုင်ပိတ်ခြင်း၊ ဒဏ်ကြေးတပ်ခြင်း စသည်တို့ကိုပြုလုပ်သွားမည်ဟု သိရသည်။

ထားဝယ်ဒေသခံ ယာဉ်မောင်း ဦးသိုက်ထွန်းက ယင်းသို့ စက်သုံးဆီ အရည်အသွေး ဓါတ်ခွဲစစ်ဆေးပေးခြင်းကို လိုလားနှစ်ခြိုက်ပြီး အရည်အသွေးကောင်း စက်သုံးဆီကို အသုံးပြုခြင်းဖြင့် အင်ဂျင်၊ပန့်၊နော်ဇယ် စသည့် ယာဉ်အစိတ်အပိုင်းများ ပျက်စီးမှု နည်းလာကာ ယာဉ်ပြင်စရိတ် သက်သာလာဖွယ်ရာရှိကြောင်း သုံးသပ်ပြောဆိုသည်။

တိုင်းအတွင်း လိုင်စင်ရရှိပြီးသည့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်၂၂ ဆိုင်၊ မြစ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချခွင့်ရ ရေယာဉ် ၆စီးရှိနေကြောင်း မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊  ရောင်းဝယ်ရေးအရာရှိ(တိုင်းဒေသကြီး)ရုံးထံမှ သိရသည်။

တင့်လွင်

 

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.