Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့က အမျိုးသမီးနှစ်ကို စင်တင်သီချင်းဆိုသည့် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး ပြည့်တန်ဆာလုပ်ငန်း ပြုလုပ်ခိုင်းသူ လေးဦးကိုလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း ဇေယျာသီရိနယ်မြေရဲစခန်းမှသိရသည်။

“ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စု (၆) ကနေပြီး အင်းစိန်ရဲစခန်းမှာ လူပျောက်အမှတ်စဉ် ၁၄/ ၂၀၁၈ နဲ့ လူပျောက်တိုင်ထားခံရတဲ့ မ xxxx ဆိုသူက မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်၊ စင်္ကြာပတ်လမ်းက နေအိမ်ကို ရောက်ရှိနေတယ်လို့ အကြောင်းကြားလာခဲ့လို့ သွားရောက်စုံစမ်းပြီး ဖော်ထုတ်ဖမ်းဆီးမိခဲ့တာပါ” ဟု ဇေယျာသီရိနယ်မြေရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးနေမ xxxxx နှင့် မ xxxxx (၁၇နှစ်)တို့နှစ်ဦးကို တစ်မြို့တည်းနေသူ စနေမ (ခ) ပန်းအိဖြူက မော်လမြိုင်မြို့ရှိ စင်တင်စားသောက်ဆိုင်တွင် သီချင်းဆိုသည့် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်လလျှင် ကျပ်သုံးသိန်းခန့်ရမည်ပြောဆိုသဖြင့် ၎င်းင်းအစီအစဉ်ဖြင့် ဇန်နဝါရီ ၂၃ ရက်၌ ဇေယျာမြိုင်ရပ်ကွက်သို့ ရောက်ရှိလာခဲ့ပြီး နှင်းဝေကျော်၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဝင်းထံမှ ငွေကျပ် ၁၀၀,၀၀၀ ထုတ်ယူသွားခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ထ့ိုနောက် စင်တင်သီချင်းဆိုလုပ်ကိုင်ရန် ရောက်ရှိလာသော အမျိုးသမီးနှစ်ဦး၏ ပြောဆိုချက်အရ ၎င်းတို့ရောက်ရှိနေသည့် နေအိမ်၌ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်ခြင်းမရှိဘဲ ပြင်ပ တည်းခိုခန်းများတွင် ဒေါ်သန်းသန်းဝင်း၏ အဆက်အသွယ်ဖြင့် လိုက်ပါ၍ ပြည့်တန်ဆာလုုပ်ငန်းကို လုပ်ကိုင်ရကာ အမျိုးသားများနှင့် တစ်နာရီကျော် ပျော်ပါးပါကငွေ ၃,၀၀၀ ကျပ်၊ တစ်ညတာပျော်ပါးပါက ငွေ၁၀,၀၀၀ကျပ်တို့ရရှိပြီး ဧည့်သည်အမျိုးသားများနှင့် တွေ့ဆုံရန် နှင်းဝေကျော် (ခ) နှင်းဝေနှင့် မောင်အိုး (ခ) ရန်နိုင်မြင့်တို့က လိုက်လံပို့ဆောင်၍ အခကြေးငွေများကို ၎င်းင်းတို့သာ တိုုက်ရိုက်ပေးချေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မော်လမြိုင်မြို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စု (၉) မှ ရဲအုပ်ကျော်ဝဏ္ဏက ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန်လိမ်လည်စည်းရုံးခေါ်ဆောင်ပြီး ၎င်းင်းလုပ်ငန်းမှ ရရှိသော အခကြေးငွေများကိုခေါင်းပုံဖြတ်ရယူခဲ့သည်ဟုဆိုသူ ပန်းအိဖြူ၊ နှင်းဝေကျော်၊ ဒေါ်သန်းသန်းဝင်းနှင့် ရန်နိုင်မြင့်တို့လေးဦးကို ဥပဒေအရ အရေးယူပေးရန် တရားလို ပြုလုပ်တိုင်တန်းလာသဖြင့် ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ) ၂၉/၂၀၁၈၊လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ ဖမ်းဆီးအမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းအမှုစစ်ရဲအရာရှိက ဆိုသည်။

မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ စကားဝါပတ်လမ်းတွင်လည်း အခြားလုပ်ငန်းအမည်တပ်၍ ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်နေသည့် နေအိမ်များရှိနေသေးသည်ကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံရဲစခန်းနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံဆက်သွယ်တိုင်ကြားခဲ့သော်လည်း လက်ရှိအချိန်ထိ ဖွင့်လှစ်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ယင်းရပ်ကွက်ဒေသခံများထံမှ သိရှိရသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply