ကျိုက်ထို၊ ဒီဇင်ဘာ

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူရုံတွင် တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းများနှင့် ယင်းစက်ရုံမှ ရွှေသံလွင် တိုးဂိတ်(သပြေကန်)သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဦးရေ ၄၀၀ ကျော်တို့အား နိုဝင်ဘာ၂၉ ရက်တွင် အလုပ်မှ ငါးလစာခံစားခွင့်ယူပြီး ရပ်နားစေခဲ့ရာ ဝန်ထမ်းများမှ ကျေနပ်မှုမရှိသဖြင့် နှစ်ဦးနှစ်ဘက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း စက်ရုံတာဝန်ခံ ဦးကျော်အေး ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ၊ တိုးဂိတ်ဝန်ထမ်းများမှ မိမိတို့ လုပ်သက် သုံးနှစ်တာအတွင်း နားရက်မရှိ တာဝန်ထမ်းဆောင်ခဲ့ကြသဖြင့် ယခုကဲ့သို့ ရပ်ဆိုင်းမှုမှာ နစ်နာကြောင်း၊ သို့ဖြစ်၍ နစ်နာကြေးရရှိမှသာ အလုပ်မှ ထွက်ခွာနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

”ကျွန်တော်တို့ကို သုံးနှစ်စာ နစ်နာကြေး ခုပေးရင် ခုထွက်ပေးမယ်။ သူတို့နဲ့လည်း ရှေ့ဆက် လက်တွဲဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့ထဲက လူတွေနဲ့လည်း ရောပြီး တာဝန်မယူနိုင်ဘူး။ နစ်နာကြေးရမှ ထွက်မယ်။ အားလုံးလည်း သဘောတူပါတယ် ”ဟု တိုးဂိတ် ဒုတာဝန်ခံ ဦးတင်ဦးက ပြောသည်။

အဆိုပါဝန်ထမ်းများ၏တောင်းဆိုချက်ကို ရွှေသံလွင်ဟိုင်းဝေကုမ္ပဏီမှ နိုဝင်ဘာ၂၉ရက်တွင် လိုက်လျောပေးနိုင်ခြင်းမရှိသည့်အပြင် ဒီဇင်ဘာ ၁ရက်တွင် ယခုတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ ဆက်လက်လုပ်ကိုင်ရန်မလိုတော့ဟု တာဝန်ခံနှင့် အကြောင်းပြန်ကြားလာခဲ့ကြောင်း ရွှေသံလွင်တိုးဂိတ်ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ခင်မိုးမိုးကပြောသည်။

ယခုလက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှာ စစ်တောင်းစက္ကူစက်ရုံတွင် တာဝန်ထမ်းဆောင်နေစဉ် ရွှေသံလွင် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုအောင်မှ ယခုဂိတ်သည် နှစ်လေးဆယ်စီမံကိန်းဖြစ်သဖြင့် နောင်မျိုးဆက်များပါ အလုပ်လုပ်ကိုင်ခွင့်ပေးမှာဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် လိုက်ပါ လုပ်ကိုင်ပေးကြရန် တောင်းဆိုမှုအရ ယခုတာဝန်ကို ထမ်းဆောင်လာခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ နစ်နာကြေး ငါးလစာဖြင့် တာဝန်ရပ်ဆိုင်းခံရကြောင်း သိရသည်။

Written by ရွှေစင်

Leave a Reply