မော်လမြိုင်၊ ဇန်နဝါရီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ မကြာသေးမီက ပိတ်သိမ်းခဲ့သော စစ်တောင်းစက္ကူစက်ရုံမှဝန်ထမ်းများအတွက် ငါးလစာ လျော်ကြေးငွေကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“နောက်ဆုံးသတ်မှတ်ထားတော့ ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ထားတယ်။ လျော်ကြေးငွေ ကတော့ ဝန်ထမ်းတွေရဲ့လစာမူရင်းအတိုင်းပဲ၊ငါးလစာ လျော်ကြေးပေးသွားမယ်။ တစ်ဦးနဲ့ တစ်ဦး လျော်ကြေးရရှိမှုချင်းက မတူကြဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံ မပိတ်သိမ်းမီက ဝန်ထမ်းဦးရေ ၄၇၀ ကျော်ရှိခဲ့ပြီး လျော်ကြေးငွေများကို ပြီးခဲ့သည့် ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်က စတင်ထုတ်ပေးခဲ့ကြောင်း၊ယခုလ၂၄ ရက်နေ့အထိ ဝန်ထမ်း ၁၆၇ ဦးကိုထုတ်ပေးပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုစက်ရုံကို ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်က ရွှေသံံလွင်ဟိုင်းဝေးကုမ္ပဏီအနေဖြင့် စက်ရုံအပြင် ဆက်စပ်ပစ္စည်းများ(တန်ဖိုးခန့်မှန်း ကျပ်သန်း ၄၆၄ သန်းကျော်)ကို ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းအပ်နှံပြီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လုပ်ငန်းတာဝန်မှ ရပ်စဲခံရသည့် စက်ရုံဝန်ထမ်းများအား နစ်နာကြေး သုံးလစာ၊ နို့တစ်ကြေး တစ်လစာ၊ လုပ်သက်ခံစားခွင့် တစ်လစာ စုစုပေါင်း ငါးလစာကို လျော်ကြေးငွေပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

စက်ရုံပိတ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ဝန်ထမ်းများက အလုပ်အကိုင် အခွင့်အလမ်း ပြန်လည်ရရှိစေရန် ယမန်နှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် ပထမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ပြီး၊ ယခု ၂၀၁၈ ဇန်နဝါရီ ၃ ရက်နေ့က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ယခုအခါ စစ်တောင်းစက္ကူစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးအတွက်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများကို ဖိတ်ခေါ်လျက်ကြောင်း ဝန်ကြီး ဦးရွှွှေမြင့်ထံမှ သိရသည်။

ခင်နန်းဌေး

Leave a Reply