မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းစက္ကူစက်မီတာခ ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ မေလအထိ ကျပ်သိန်း၁၈၅၉၃၀၄၀၀ ကို မွန်ပြည်နယ်အစိုးရ ဖြည့်စွက်ဘတ်ဂျက်မှပေးသွင်း၍ ကျန်လများအတွက်သီးခြားမီတာ တပ်ဆင်သုံးစွဲခြင်းကို သြဂုတ်  ၁၅ ရက်မတိုင်မီဆောင်ရွက်ရန်နှင့်သုံးစွဲခြင်းမရှိက လျှပ်စစ်ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊စက်မှုဝန်ကြီး ဦးလှထွန်းက ပြောသည်။

“၂၀၁၈ ဆယ်လပိုင်းကနေ၂၀၁၉ ခု ငါးလပိုင်းအထိ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းကိုသွင်းရမှာပေါ့၊ ကြွေးကျန်တာမဟုတ်ဘူး၊ အခုဟာ ပြည်နယ်ဘတ်ဂျက်နဲ့ သွင်းလိုက်ပြီး၊ အခု အကြွေးမကျန်ဘူး၊ ဖြစ်ခဲ့တာ၊အဲဒီမှာဌာနဆိုင်ရာတွေနဲ့ရှုပ်နေတာလေ၊ဌာနဆိုင်ရာသုံးတဲ့ ဓာတ်အားခကို ကျွန်တော်တို့ ပြည်နယ်အစိုးရ ခံနေရတဲ့သဘောမျိုး ဖြစ်နေတယ်” ဟုဝန်ကြီးဦးလှထွန်းကပြောသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ဝန်ထုပ်ဝန်ပိုး လျှော့ချနိုင်ရန် ဌာနဆိုင်ရာများအားခေါ်ယူဆွေးနွေးပြီး ၈ လပိုင်း၁၅ ရက်အထိ အချိန်ပေးထားကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပြည်ထောင်စုကို ရန်ပုံငွေတောင်း၍မီတာတပ်ဆင်ရမည်ဖြစ်ကြောင်းနှင့်မတပ်ဆင်ပါက မီးဖြတ်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

မွန်ပြည်နယ်အစိုးရရုံးတွင် ဇူလိုင် ၂၄ ရက်က ပြုလုပ်သောစစ်တောင်းစက္ကူစက်ရုံမှဓာတ်အား ရယူထားသော ဌာနအဖွဲ့အစည်းတာဝန်ခံတို့အား ခေါ်ယူတွေ့ဆုံညှိနှိုင်းအစည်းဝေးပွဲအပြီးတွင် ဝန်ကြီး ဦးလှထွန်းနှင့်တွေ့ဆုံမေးမြန်းရာ ဝန်ကြီးကအထက်ပါအတိုင်း ပြောကြား
ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်တစ်ခုလုံး၏ဖြည့်စွက်ဘတ်ဂျက်ထဲမှ စစ်တောင်းစက္ကူစက်မီတာခကြွေးကျန်အတွက်သုံးစွဲသည်မှာ လုပ်ထုံးလုပ်နည်းနှင့် ညီ/ မညီ ကို မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ကြောင်းဆွေးနွေးပွဲတက်ရောက်လာသည့်ကျိုက်ထိုမြို့ခံတစ်ဦးကဆိုသည်။

ကျိုက်ထိုမြို့နယ် စစ်တောင်းစက္ကူစက်ရုံ၏ ဓာတ်အားခတောင်းခံလွှာကို ၂၀၁၈ – ၁၉ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြုရန်ပုံငွေတွင်တောင်းခံထားပြီးဖြစ်ပါသဖြင့် (၁၀/၂၀၁၈)လမှ(၅/၂၀၁၉)လအထိ ပေးချေရမည့် (၈) လစာ  ဓာတ်အားခကြွေးကျန် စုစုပေါင်းငွေ ကျပ် ၁၈၅၉၃၀၄၀၀ ကို ပေးချေခွင့်ပြုရန်  မွန်ပြည်နယ် လျှပ်စစ်ဓာတ်အားပေးဖြန့်ဖြူးရေး လုပ်ငန်းမှ ငွေတောင်းခံလွှာ တင်ပြတောင်းခံမှုနှင့် ပတ်သက်၍(၃-၇-၂၀၁၉) ရက်နေ့တွင်ကျင်းပသည့်မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းဝေးအမှတ်စဉ် – ၂၄/၂၀၁၉၏ ဆုံးဖြတ်ချက်အရ လျှပ်စစ်သုံးစွဲသည့်
သက်ဆိုင်ရာဌာန/အဖွဲ့အစည်းတာဝန်ခံများနှင့်ညှိနှိုင်းအစည်းဝေးခေါ်ယူရခြင်း ဖြစ်ကြောင်းသိရသည်။

မြသက်

Leave a Reply