“လူသားမျိုးနွယ် အညွန့်တုံးစေတာ မူးယစ်ဆေးဝါးပါ”ဟူသော ပညာပေးစာသားကို မြန်မာဗီဒီယို ဇာတ်ကား အတော်များများ ကြည့်ဖူးသူတိုင်း အလွတ်ရနေမည်ဖြစ်သည်။

drug-copy

အဆိုပါ ပညာပေးသီချင်းတွင် ဘိန်းပင်များ နှင့် မူးယစ်ဆေးဝါးဆေးဝါးများ ဖျက်ဆီးနေခြင်းကို မတွေ့ချင်အဆုံး မြင်ရမည်ဖြစ်သည်။

အလားတူ ယခင် တပ်မတော် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီးများ၊ တိုင်းမှူးများ ကိုယ်တိုင် မူးယစ်ဆေးဝါး တိုက်ဖျက် ပွဲများကို တက်ရောက်ဆိုသော သတင်းများလည်း အစိုးရ သတင်းစာ မျက်နှာဖုံးများတွင် ဝေဆာခဲ့ကြသည်။

အစိုးရ နှင့် တပ်မတော် ခွဲမရသော အချိန်က အစိုးရရုပ်သံ သတင်းကြည့်ရူ့သူများ အမှတ်ရနေဆဲ ဖြစ်ပါလိမ့်မည်။

မူးယစ်ကင်းစင် တို့ကျောင်း တစ်ခွင် ဟူသော စာစီစာကုံး များကိုလည်း လည်တဆန့်ဆန့် နှင့် ရေးခဲ့ကြရပါမည်။ သို့ဆိုလျှင် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းက အောင်မြင်ခဲ့သည်ဟု ပြည်သူလူထုက ထင်ယောင် ထင်မှား ဖြစ်နေပါလိမ့်မည်။ သို့မဟုတ် အယောင်အယောင်အမှားမှား ဖြစ်နေပါလိမ့်မည်။

သို့သော် ငြင်းမရသော သတင်းအချက်အလက်များကလည်း ငုတ်လျှိုးမနေတက်ကြ။ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့်မူးခင်းဆိုင်ရာ ရုံး UNODC ၏ ကမ္ဘာပေါ်တွင် ဘိန်း အပါအဝင် မူးယစ်ဆေးဝါး အများဆုံး ထွက်ရှိသည့်နိုင်ငံများ နှစ်စဉ်စာရင်းတွင် ရွှေနိုင်ငံ(The Golden Land) ခေါ် မြန်မာက ဒုတိယ ချိတ်မြဲဖြစ်သည်။

“ဟုတ်လျှင်ကျော် ပုပ်ရင်ပေါ်” ဟူသော စကားပုံကို သုံးရမည့်ကိန်းပင်။ ယခုဆိုလျှင် တိုးတက်ပါသည်ဆိုသော ခေတ်နှင့်အညီ ဘိန်းမှ ထုတ်လုပ်သော မူးယစ်ဆေးဝါးများ အပြင် တစ်ဆင့် တက် ဓာတုဆေးဝါးများဖြင့် ချက်လုပ်သည့် မူးယစ်ဆေး များအထိ ရောင်းဝယ် သုံးစွဲ လာကြသည်။

လက်ထဲတွင် မြန်မာငွေ နှစ်ထောင်( နှစ်ဒေါ်လာ) လောက်ရှိယုံမျှဖြင့် သုံးစွဲနိုင်ကြောင်း မကြာသေးမီက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ကပြောဆိုသွားသည်ကို သတိထားမိသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကလည်း အချိတ်အဆက် ကောင်းဖို့တော့လိုမည်ဟု ခပ်ရွှင်ရွှင် ထေ့ပြောခဲ့သည်။

သို့ဆိုလျှင် ယင်းမူးယစ်ဆေးဝါး ပြဿနာကို ရဲတပ်ဖွဲ့က လက်ပိုက်ကြည့်နေကြသလော။ ယင်းသို့လည်း မဟုတ်ပြန်။ မူးယစ်ဆေးဝါး ဖမ်းဆီရမိသည်ဆိုသော သတင်းများကို မကြာခဏ တွေ့မြင်ရသည်လေ။ အထူးသဖြင့် ဒေါ်လာ သန်းချီတန်သော မူးယစ်ဆေးဝါးအမှုများကိုပါ ဖမ်းဆီးပြလိုက်ကြသေးသည်။ သို့သော် “ ပိုင်ရှင်မဲ့”ဟူသော စကားလုံးကိုတော့ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

အဆိုပါ မူးယစ်ဆေးဝါး များကို မည်သူတွေက ပြုလုပ်ပြီး မည်သို့ မည်ပုံ ဖြန့်ချီနေပါသနည်း။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်များ အရေး အစဉ်တစ်စိုက် လေ့လာ သုံးသပ်သူ ဆွီဒင် နိုင်ငံသား သတင်းစာဆရာ ဘာတေးလစ်တနာကမူ “ ဘိန်းအပါအဝင် မူးယစ်ဆေးဝါး ပြဿနာ များသည် ပြည်တွင်းစစ်ဖြစ်ပွားနေဆဲ ဖြစ်သော မြန်မာနိုင်ငံအတွက်မူ လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တိုက်ရိုက် အချိုးကျသည်”
ဟုဆိုသည်။

UNODC ၏ မြန်မာနိုင်ငံ၏ နှစ်စဉ် ဘိန်းစိုက်ပျိုးမှု နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြေပုံတွင်လည်း အများစုမှာ လက်နက်ကိုင်အဖွဲ့အစည်းများ အခြေစိုက်ရာ နယ်မြေများတွင် တည်ရှိနေသည်။

အကြောင်းအရင်းများစွာအနက် လက်နက်ကိုင် အဖွဲ့အစည်း ဆိုကတည်းက ၎င်းတို့အတွက် ကိုယ်ပိုင် တပ်ဖွဲ့ဝင်များ နှင့် လက်နက်လိုမည်။ တပ်ဖွဲ့ဝင်များ စာဝတ်နေရေး နှင့် လက်နက်ရရှိရေးအတွက် ငွေကြေး လိုမည်။ လိုအပ်သည့် ငွေကြေး ရရှိရေးအတွက် ဒေသခံများထံမှ အခွန်အခများ ကောက်လေ့ရှိသည်။

ယင်းကား ဘိန်းစိုက်ပျိုးခြင်း နှင့် မူးယစ်ဆေးဝါး ပြန့် နှံ့သည့် သံသရာ အတွင်း ရှောင်ကွင်းမရသော အကြောင်းအရင်း တစ်ရပ် ဖြစ်နေသည်။

သက်ဆိုင်ရာ ဒေသအသီးသီးတွင် ဘိန်းစိုက်ပျိုးခြင်းနှင့် သုံးစွဲ ခြင်းကို လက်မခံကြောင်း ထုတ်ဖော် ပြောဆိုကြသည့်တိုင် နယ်မြေဖြတ်သန်း သယ်ယူခွင့် အခွန်အခများကိုမူ လစ်လျှူ နိုင်ကြလေ့မရှိပေ။

အကြောင်းအရင်းမှာ စိုက်ပျိုးသူ ဘိန်းတောင်သူများထက် တစ်ဆင့် ဝယ်ယူသူများက အကျိုးအမြတ် ပိုမို ရရှိကြပြီး ၎င်းတို့ထံမှ အခွန်အခများက ပိုမို များပြားခြင်းကြောင့် ဖြစ်သည်။

ယင်းသို့ သံသရာ လည် ခြင်း နှင့် ပြီးဆုံးသည် မဟုတ်။ ပိုမို စိတ်ဝင်စားဖွယ်ကောင်းသည်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ကူသန်း မှုများတွင် တပ်မတော်၏ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်များလည်း ပါဝင် ပတ်သက် မှုများ ရှိသည်ဟူသော အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ချင်းမိုင်မြို့ အခြေစိုက် လာဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(LNDO)၏ “ မူးယစ်ဆေးဝါးမှ အာဏာ” ဟူသော အစီရင်ခံစာ အတွင်း မူးယစ်ရာဇာများ၏ မူးယစ်ဆေးဝါးစက်ရုံများနှင့် သယ်ဆောင်ရာ လမ်းကြောင်းလုံခြုံရေးအတွက် ပြည်သူ့စစ် အဖွဲ့အစည်းများက လာဘ်ပေးယူမှုများ လုပ်ဆောင်နေကြောင်း အထောက်အထားများ နှင့် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာသည် ယခု အောက်တိုဘာလအတွင်း ထွက်ရှိလာခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသ အနီးရှိ တိုင်းရင်းသား လက်နက်ကိုင်များ ၊ ပြည်သူ့စစ်များ အကြား ရှိ မူးယစ်ဆေးဝါး ပြဿနာများကို မီးမောင်း ထိုးပြနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ပြည်သူ့စစ် အဖြစ် ပြောင်းလဲရန် ကြိုးစားသည် တပ်မတော် အစိုးရလက်ထက် ၂၀ဝ၆ နှစ်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ပြည်သူ့စစ် အင်အား ၂၃၀ဝ ကျော် ရှိရာမှ ယခု အချိန်တွင် ၃၄၀ဝ အထိ တိုးမြင့်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ပြည်သူ့စစ်များ တိုးချဲ့ဖွဲ့စည်းခြင်းသည် ဗဟိုအစိုးရ၏ နယ်မြေစိုးမိုးမှုအတွက် အားရ ကျေနပ် ဖွယ်ရှိနိုင် သည့် တိုင် တစ်ဘက်တွင်လည်း ဖောင်းပွလာသော တပ်ဖွဲ့ဝင်အင်အားများကို ထောက်ပံ့ရေးအတွက် ငွေကြေး လိုအပ်မှု များ ရှိလာသည်။

ယင်းကြောင့် မူးယစ်ဆေးဝါး နှင့် အခြားသော မှောင်ခို ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင် ပြည်သူ့ စစ် ခေါင်းဆောင် အချို့ နှင့် အောက်ခြေ တပ်ဖွဲ့များက ပါဝင် ပတ်သက်မှု များ ရှိလာသည်။
ယင်းသို့ ပြည်သူ့စစ်ခေါင်းဆောင် အချို့ ပါဝင်နေခြင်းကို သိရှိနေသည့်တိုင် နယ်မြေစိုးမိုးရေးနှင့် သစ္စာ စောင့်သိရေး ကို အဓိက ထားသော တပ်မတော် နှင့် နယ်မြေခံ အရာရှိအချို့က နှုတ်ပိတ်နေကြောင်း LNDO ၏ အစီရင်ခံစာက ဆိုသည်။ အဆိုပါ ဒေသများတွင် သုံးလ အကြာ အချိန်ပေး ကောက်ယူခဲ့သော အချက်အလက်များကို စုစည်းထားသည့် အစီရင်ခံစာပါ အချက်အလက်များ မည်မျှ မှန်ကန်ကြောင်း ချိန်ဆရန် ခက်ခဲမည်ဖြစ်သည်။

သို့သော် မူးယစ်ဆေးဝါး ပြဿနာ၏ စိန်ခေါ်နေခြင်းကို ခံနေရသည့် အရပ်သား အစိုးရသစ်အတွက် စဉ်းစားသင့် သည့် အချက်များစွာ ပါဝင်နေသည်မှာ ငြင်းမရပေ။
ယခု အစိုးရကို ဖွဲ့စည်းနိုင်ထားသည့် NLD ပါတီက ရွေးကောက်ပွဲ ကြေညာ စာတမ်းတွင် အစိုးဖွဲ့စည်းနိုင်ပါက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်မည်ဟု ကြေညာထားသည်။

သို့သော် မူးယစ်ဆေးဝါး ပြဿနာကား ပြည်တွင်းစစ်မီးတောက်လောင်ဆဲဖြစ်သော မြန်မာနိုင်ငံအတွက်မူ သပွတ်အူလို ရှုပ်ထွေးနေကြောင်း အစိုးရဖွဲ့စည်းပြီးမှ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရသည်။
ပြည်တွင်းစစ် လုံးဝ ရပ်တန့် ရန် မဖြစ်နိုင်သမျှ ကာလပတ်လုံး ဘိန်း အပါအဝင် မူးယစ်ဆေးဝါး ပြဿနာ အမြစ်ဖြတ် ချေမှုန်းရေးမှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုထက်ပိုမည်မဟုတ်။

အရင်းစစ်တော့ အမြစ်ကိုတွေ့ဆိုသလို အရပ်သားအစိုးရ အနေနှင့် ယင်းသို့ စစ်ဘောင်ကျယ် နေခြင်းကို တစ်ဆင့်ချင်း ပြန်လည်ထိန်းသိမ်းမည့် ဗဟာဗျူဟာတစ်ရပ် ချမှတ်ရန် မှတစ်ပါးအခြားမရှိတော့ပေ။

Written by – ရွှေပြည်ဟိန်း

Leave a Reply