၂၀၁၉ ခုနှစ် မေလ ၁၇ ရက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ KBC စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ ဒေသအခြေအနေ တည်ငြိမ်မှု မရှိသေးသော်လည်း စားဝတ်နေရေးနှင့် ကူညီထောက်ပံ့မူများ မရှိတော့သည့်အတွက် ၎င်းတို့၏ နေရပ်ရင်း ဖြစ်သည့် မုန်းပေါ်ကျေးရွာသို့ မေလ ၁၅ ရက်နေ့က ပြန်သွားပြီဟု တာဝန်ရှိသူများ က ပြောသည်။

“၁၅ ရက်နေ့ကပေါ့ ၊ အားလုံးပြန်သွားပြီ။ ဒီတပတ်လုံးပဲ ခွဲပြီး ၅ အိမ်ထောင်စု ၆ အိမ်ထောင်စုနဲ့ အဲ့လိုမျိုး ခွဲပြီး ပြန်နေတာ။ အခုတော့ အကုန်ပြန်သွားပါပြီ။ မနေ့က နောက်ဆုံးပါ။ ပြန်ဖို့ စစ်ရှောင်တွေက အကူအညီ တောင်းတော့ ကျနော်တို့ ဇုံနယ်အတွင်းရေးမှူးတွေ အပါပေါ့၊ အားလုံးကားတွေ ဘာတွေစီစဉ်ပြီး ပြန်ဖို့ စီစဉ်ပေး ရတာပေါ့။ မူဆယ်က ပရဟိတကားတွေ ဘာတွေပေါ့၊ မုန်းပေါ်ကို ပြန်တာ၊ ဒါက သူတို့ဇာတိနေရာပေါ့။ မိသားစု အိမ်ထောင်စု ၄၀ ပေါ့၊ လူဦးရေက ၁၈၀ ကျော်ရှိတယ်” ဟု စစ်ဘေးရှောင်များ နေရပ်ရင်းပြန်နိုင်ရန် လိုက်ပါ ကူညီပေးနေသည့် မူဆယ်ဒေသခံ ဦးလဖိုင်ဇော်အောင် က ပြောသည်။

အခက် အခဲ အမျိုးမျိုးကြောင့် ယခုကဲ့သို့ နေရပ်ရင်း ပြန်ရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ဦးနော်ဒင့်က ပြောသည်။

“ဒေသအေးချမ်းတယ်၊ မအေးချမ်းဘူးဆိုတာတော့ ပြောဖို့ခက်ပါ တယ်။ အခြေအနေက ခန့်မှန်းလို့ လည်း မရဘူးလေ။ အခုက မပြန်တာလည်း ကြာပြီ ၊ ၅ နှစ်ကျော်ပြီလေ ၊ အိမ် တွေ ရွာတွေကို ပစ်ထားခဲ့ရတာ။ ဒီမှာလည်း အဆင်မပြေဘူး။ ရိက္ခာ အထောက်အပံ့ပေါ့၊ အခက်အခဲဖြစ်နေ တာ။ အများဆုံးက ကိုယ့်ဟာကိုယ်လှုပ်ရှားပြီး ရှာဖွေစားသောက်ရတာ။ အသက်မွေးဝမ်းကျောင်းလုပ်ရတာ”

စစ်ဘေးရှောင်စခန်းတွင် နေထိုင်စဉ် စားနပ်ရိက္ခာအခက်အခဲများနှင့် ကလေးငယ်များ၏ ပညာရေးအတွက် နေ့စားအနေဖြင့် စပါးစိုက်၊ ကြံခုတ်၊ ပြောင်းစိုက် စသည့် ကျပန်းအလုပ်များ လုပ်ကိုင်ကာ ဖြေရှင်းရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိကြုံနေရသော အခက်အခဲများကြောင့် ဇုံနယ်အတွင်းရှိ အသင်းတော်များ၊ အမှုတော်ဆောင်များ ညှိနှိုင်း တိုင်ပင်ကာ စစ်ရှောင်များ၏ သဘောထားများကို တောင်းခံပြီး ယခုကဲ့သို့ ပြန်နိုင်အောင် စီစဉ်ပေးရခြင်းဖြစ် သည်ဟု မိုးမောက်ဇုံနယ် KBC အတွင်းရေးမှူး ဦးဇော်ရန်က ပြောသည်။

“အတင်းပြန်ခိုင်းတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ မိခင်အသင်းတော်နဲ့ ကျနော်တို့ဒီကလက်ခံထားတဲ့ အသင်း တော် ၊ ကျနော်တို့ ဇုံနယ်အဖွဲ့တွေအားလုံးက ညှိပြီးတော့ နောက်ပြီး အုပ်ချုပ်ရေးမှူးကစအပေါ့နော်၊ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အားလုံးညှိပြီးတော့ သူတို့ပြန်ဖို့ အချိန်သင့်ပြီဆိုပြီး ကျနော်တို့ ဆွေးနွေးပြီးတော့ ပြန်ခိုင်းခြင်းဖြစ်ပါတယ်။ အဲဒါတွေကြောင့်လည်း မိခင်အသင်းတော်နဲ့ ညှိပြီး ပြန်ဖို့စီစဉ်ရတာပါ”

မူဆယ် KBC စစ်ရှောင်စခန်းကို အစိုးရက တရားဝင် စစ်ရှောင်စခန်းမဟုတ်ဟု ထုတ်ပြန်ထားကြောင်း၊ ထိုသို့ ထုတ်ပြန်ပြီးနောက်မှ စတင်ကာ ရိက္ခာအခက်အခဲများ ရှိနေပြီး အဆိုပါပြဿနာများကို မူဆယ် နှစ်ခြင်း ဘုရား ကျောင်းမှ တာဝန်ယူဖြေရှင်းပေးရသည်မှာ ၃ နှစ်ကျော်ပြီဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများ က ပြောသည်။

“မူဆယ် Camp က အစိုးရကနေလည်း ၂၀၁၇ ကတည်း ကနေ တရားမဝင်တဲ့ Camp လို့ ကြေညာထားပြီး သား။ ကျနော်တို့ကိုလည်း လာပြောထားပြီးသား။ နောက်ပြီး တော့ အစားအသောက်ပေါ့ ၊ WFP က အစပေါ့နော် ၊ အစားအသောက်က လိုက်မလာတော့ဘူး။ ပြတ်သွားပြီ၊ ဆိုတော့ ကျနော်တို့ မူဆယ်အသင်းတော်ကပဲ ဒိုင်ခံ ဖြေရှင်းပေးခဲ့ရတာ။ ဒီအခက်အခဲတွေလည်း ရှိတယ်” ဟု မိုးမောက်ဇုံနယ် KBC အတွင်းရေးမှူး ဦးဇော်ရန်က ပြောသည်။

“မူဆယ်က နယ်စပ်ဆိုတော့လေ လူကုန်ကူးမှုတို့ ၊ မူး ယစ် ဆေးဝါးပြဿနာတို့ ၊ ကလေးတွေအတွက် အများကြီးရှိတယ်။ ဒါတွေကိုလည်း ပြောပြတာပေါ့နော်၊ နယ်စပ်မြို့ဆို တော့ ကျနော်တို့ အသင်းတော်ကလည်း လက်လှမ်းမမှီတာ တွေ အများကြီးရှိပါတယ်”

အဆိုပါအခြေအနေများကြောင့် ၂၀၁၇ ခုနှစ်တွင် အိမ်ထောင်စု ၂၀ နီးပါးခန့် နေရပ်ကို ပြန်သွားသည်ဟု ပြော သည်။

စစ်ဘေးရှောင်များအနေဖြင့် ယမန်နှစ် ၂၀၁၈ ခုနှစ်ကတည်းက ပြန်ရန် စီစဉ်နေပြီး၊ ပြောင်းရွှေ့ရေးအတွက် အကူအညီပေးမည့် အဖွဲ့အစည်းများမရှိခြင်း၊ နယ်မြေအနေအထားများကိုလည်း ဆက်လက်စောင့်ကြည့် ချင်သေးသည့်အတွက် ပြန်မည့် ရက်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။

ပြန်သွားသည့် စစ်ဘေးရှောင်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နှစ်ဘက်အသင်း တော်မှ အမှုတော်ဆောင်များ၏ အကူအညီများဖြင့် မုန်းပေါ်ဒေသအတွင်း ယာယီအိမ်များ ပြင်ဆင်ထားပေးသည် ဟု ဦးဇော်ရန်က ဆက်ပြောသည်။

“ယာယီနေထိုင်ဖို့နေရာကတော့ ရှိတယ်။ နောက်ပြီး အခုက ကျောင်းလည်းဖွင့်တော့မယ်၊ ဆိုတော့ မူဆယ်က လည်း ကျောင်းထွက်လက်မှတ်တွေ ယူရတော့မယ် အခုပြောင်းလာတဲ့နေရာနဲ့အနီးဆုံး စာသင်ကျောင်းပေါ့ နာမည်စာရင်းပြန်ထည့်ရတော့မယ်လေ ဆိုတော့ ကျနော်တို့က လောလောလတ်လတ်နဲ့ ရွှေ့ပြောင်းလိုက်ရတဲ့ သဘောလည်း ရှိပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုန်းပေါ်ကျေးရွာမှ ကချင် တိုင်းရင်းသားများဖြစ်ကြပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၁၄ ခုနှစ် မေလ ၃ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။

မုန်းပေါ်ကျေးရွာအနီး ယခုနှစ် ဧပြီလတတိယအပတ်က တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ၏ တပ်စခန်း (၇) ခုကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။

သတင်းနှင့် မီဒီယာ ကွန်ရက်

Leave a Reply