Advertisements

ရန်ကုန်၊ အောက်တိုဘာ ၄ ရက်။

ဒဂုံမြို့နယ်၊ စစ်သမိုင်းပြတိုက်နေရာတွင်ဆောက်လုပ်မည့်ဟိုတယ်စီမံကိန်း သတ်မှတ်ထားသည့် အထပ်အရေ အတွက်ထက်ကျော်လွန်ပါက ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

အဆိုပါစီမံကိန်းမှာ တိုင်းဒေသကြီးအထပ်အရေအတွက်သတ်မှတ်ချက်ဖြင့် ကိုက်ညီမှုမရှိဟုယူဆသဖြင့် သိရှိလို ခြင်းဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအနေဖြင့် အောက်တိုဘာ ၃ ရက်ကကျင်းပသည့် ဒုတိယအကြိမ်ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ နဝမနေ့တွင် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကမေးမြန်းရာ ဝန်ကြီးကပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

“သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အထပ်သတ်မှတ်ချက်နဲ့ လိုက်လျောညီထွေအောင် ဆောက် ရမယ်လို့ နားလည်ထားပါတယ်။ MICကိုတင်ပြတာ (၈)ထပ်ပေမယ့် YCDCတို့၊ ဆောက်လုပ်ရေးတို့က ရွှေတိဂုံ ဘုရားရဲ့သတ်မှတ်ချက်အမြင့်နဲ့ မကိုက်ညီဘူးဆိုရင် ဒီလောက်အမြင့်ကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ကျွန်တော်နား လည်ပါတယ်။ ဆက်လက်ဆောက်လုပ်မယ်ဆို သတ်မှတ်အမြင့်ကိုတော့ ခွင့်ပြုချက် ထပ်ယူရမယ်လို့ ကျွန် တော်နားလည်ပါတယ်။”ဟု တိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောကြားသည်။

အဆိုပါစီမံကိန်းအတွက် အထပ်အရေအတွက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီ နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီတို့ညှိနှိုင်းပြီး အဆုံးအဖြတ်ရယူဦးမည်ဟု ယူဆပါကြောင်း ဝန်ကြီး ဦးမြင့် သောင်းကပြောသည်။

“ရွှေတိဂုံဘုရားရဲ့ကန့်သတ်ဇုန်ဆိုတာ YCDCကကန့်သတ်ထားတာ။ တောင်ဘက်ဆိုရင် မြို့ပတ်လမ်းကနေဖြစ် ပါတယ်။ ဒဂုံမြို့နယ်ထဲမှာဆို အမြင့်ဆုံးက (၄)ထပ်အဆောက်အဦးပဲရှိပါတယ်။ အခုသိရှိထားတာက (၈)ထပ်ဆိုလို့ ကျွန်တော်သိတဲ့ဗဟုသုတအရဆို ကိုက်ညီမှုမရှိပါဘူး။”ဟု ဦးကျော်ဇေယျကပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင် ဒဂုံမြို့နယ်၊ တပ်မတော်စစ်သမိုင်းပြတိုက်ရှိ မြေဧရိယာ (၉.၀၂၈)ဧကကို Hotel၊ Office and Shopping Complex Project လုပ်ငန်းများအား BOT စနစ်ဖြင့် လုပ်ကိုင် ရန် Yangon Technical and Trading ကုမ္ပဏီလီမိတက်ထံ အမေရိကန်ဒေါ်လာ(၄၈.၈)သန်းဖြင့် မြန်မာနိုင်ငံ သားများရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ၂၀၁၃ ခုနှစ်က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Yangon Technical and Trading ကုမ္ပဏီလီမိတက်သည် စီမံကိန်းမြေဧရိယာ(၉.၀၂၈)ဧကအနက် (၅.၀၇၃) ဧကတွင် BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ Hotel၊ Office and Shopping Complex တည်ဆောက်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းအတွက် ပြင်ဆင်ခြင်းများဆောင်ရွက်ရန်နှင့် ကျန်မြေဧရိယာ(၃.၉၅၅)ဧကတွင် Yangon Museum Development Pte.Ltd (Singapore)တို့အကျိုးတူပူးပေါင်း၍ Y Complex ကုမ္ပဏီလီမိတက်တည် ထောင်ကာ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပါအဝင် စုစုပေါင်းမတည်ငွေရင်းပမာဏ အမေရိကန်ဒေါ်လာသန်း (၃၂၀)ဖြင့် လုပ်ငန်းတူစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် ခွင့်ပြုမိန့်ထုတ်ပေးရန် ၂၀၁၇ မေလတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံတင်ပြခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ခွင့်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ၏ စည်းမျဉ်းစည်းကမ်းချက်များအပြင် အထပ်မြင့် အတွက် သက်ဆိုင်ရာ YCDC နှင့် ဆောက်လုပ်ရေးဦးစီးဌာနတို့၏ ခွင့်ပြုချက်ရရှိမှသာ အထပ်အမြင့်မည်မျှ ဆောက်လုပ်ခွင့်ပြုသည်ကို အတိအကျသိရှိမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်သောင်းကပြောကြားခဲ့သည်။

Written by – MMK

Advertisements
<

Leave a Reply