ပုံစာ - ပြီးခဲ့သည့် ဇန်နဝါရီ ၃ က ကျင်းပခဲ့သည့် မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အစည်းအဝေး (၁/၂၀၂၁) မြင်ကွင်းတစ်ရပ်။ ဓာတ်ပုံမူရင်းပိုင်ရှင် - မွန်ညီညွတ်ရေးပါတီ(ဗဟို)

မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမင်းစိုးလင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

 

၇ ဖေဖော်ဝါရီ ၂၀၂၁

ပုံစာ – ပြီးခဲ့သည့် ဇန်နဝါရီ ၃ က ကျင်းပခဲ့သည့် မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အစည်းအဝေး (၁/၂၀၂၁) မြင်ကွင်းတစ်ရပ်။
ဓာတ်ပုံမူရင်းပိုင်ရှင် – မွန်ညီညွတ်ရေးပါတီ(ဗဟို)

အာဏာသိမ်း စစ်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီတွင် ပါဝင်ရန် ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီက သဘောတူကြောင်းသတင်းမှာ မွန်နိုင်ငံရေးလေ့လာသူများအကြား ယခုရက်ပိုင်းတွင် စိတ်ဝင်စားမှု အမြင့်တက်ဆုံးနှင့် ဝေဖန်ပြောဆိုမှု အပြင်းထန်ဆုံး အကြောင်းအရာ ဖြစ်နေခဲ့သည်။

မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမ၌ ဖေဖော်ဝါရီ ၆ က ကျင်းပခဲ့သော CEC (ဗဟိုအလုပ်မှုဆောင်အဖွဲ့)အစည်းအဝေးတွင် CEC မှ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမက  ပြောဆိုထားသည်ဟု ဒေသတွင်း သတင်းတစ်ရပ်တွင် ဖော်ြပခဲ့သည်။

ယင်းကိစ္စ လက်ခံမှုအပေါ် မွန်လူငယ်များအပါအဝင် မွန်နိုင်ငံရေး လေ့လာစောင့်ကြည့်သူတို့က ဝေဖန်ထောက်ပြကြသလို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချမှုများလည်း ရှိခဲ့သည်။

ယင်းအကြောင်းအရာကို အပြည့်အစုံ သိနိုင်ရန် ဟင်္သာမီဒီယာက မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမင်းစိုးလင်းထံ ဖေဖော်ဝါရီ ၇ ညပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဒေါက်တာမင်းစိုးလင်းကမူ ပါတီ CEC ဗဟိုအလုပ်အမှုဆောင်များအနက် အများစု လက်ခံကြောင်း မှန်သော်လည်း ကန့်ကွက်သူ မရှိ ဆိုသည်မှာ မမှန်ကန်ကြောင်း၊ ကန့်ကွက်သူများ ရှိခဲ့ကြောင်း ပြောသည်။

ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

သတင်းထောက် – ဆရာ့အနေနဲ့ အဲဒီ (ပြောဆိုချက်) အပေါ်မှာ ဘယ်လိုမျိုး ထင်မြင်ချက် ပေးချင်ပါသလဲ။

ဒေါက်တာမင်းစိုးလင်း – ကျွန်တော်တို့ CEC ( ဗဟိုအလုပ်မှုဆောင်အဖွဲ့) အစည်းအဝေးမှာ CEC အများစုက သဘောတူတဲ့ ဆုံးဖြတ်ချက်ပဲ ရှိပါတယ်။ အားလုံး တစ်ဦးတစ်ယောက်မှ သဘောမတူဘူးဆိုတာ ဆုံးဖြတ်ထားတာ မရှိဘူး။ တွဲဖက် အတွင်းရေးမှူး ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ ပြောဆိုတာက ပါတီ ဆုံးဖြတ်ချက်နဲ့ မှားနေတယ်။ ပါတီ ဆုံးဖြတ်ချက်အတိုင်း မဟုတ်ဘူး။ ပါတီကို ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အားလုံး သဘောတူတာ မဟုတ်ဘူး။ ကန့်ကွက်တဲ့ CEC ရှိပါတယ်။ အဲဒါ ကျွန်တော့်အနေနဲ့ ရှင်းပြလိုပါတယ်။

သတင်းထောက် – ဘာကြောင့် ဆရာတို့က ကန့်ကွက်ပါသလဲ။

ဒေါက်တာမင်းစိုးလင်း – ကျွန်တော်တို့က ထောက်ခံခြင်း၊ မထောက်ခံခြင်းထက် ပါတီ မူဝါဒနဲ့ မကိုက်ညီတဲ့အတွက် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။ ပါတီ မူဝါဒပုဒ်မ ၁၀၊ အပိုဒ် (ဆ)မှာ ပါတဲ့အတိုင်းပဲ ကျွန်တော်တို့က ကန့်ကွက်ရတယ်။

သတင်းထောက် – ပါတီ မူဝါဒ ပုဒ်မ ၁၀၊ အပိုဒ် (ဆ)မှာ ဘယ်လိုဖော်ြပထားလို့ပါလဲ။

ဒေါက်တာမင်းစိုးလင်း – ဒီလိုပါ။ “အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒအား ဆန့်ကျင်သွားရန်” ၊ အဲဒီလို ဖော်ပြထားပါတယ်။

သတင်းထောက် –  ပါတီ CEC ဘယ်နှယောက် ကန့်ကွက်ခဲ့တာပါလဲ။

ဒေါက်တာမင်းစိုးလင်း – အစည်းအဝေးတက်ရောက်သူ ၃၈ ယောက်မှာ ကန့်ကွက်သူ ၁၀ ယောက်၊ ထောက်ခံသူ ၂၆ ယောက်၊ ကြားနေ ၂ ယောက် ရှိခဲ့ပါတယ်။ ကန့်ကွက်သူ မရှိဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ လက်မခံပါဘူး။

 သတင်းထောက် –  ဘယ်သူတွေ ကန့်ကွက်ပြီး ဘယ်သူတွေ ထောက်ခံခဲ့တာပါလဲ။

ဒေါက်တာမင်းစိုးလင်း – ပါတီ စည်းမျဉ်းစည်းကမ်းအရ ထုတ်ဖော်ပြောဆိုခွင့် မရှိပါဘူး။ ကန့်ကွက်သူ ၁၀ ဦး ရှိခဲ့တယ်ဆိုတာကိုပဲ ကျွန်တော် ပြောနိုင်ပါမယ်။ ပါတီမှာ မှတ်တမ်းတင်ထားတာတော့ ရှိပါတယ်။

သတင်းထောက် –  ကျေးဇူးတင်ပါတယ်။

မှတ်ချက် – ဟင်္သာအနေဖြင့် မွန်ညီညွတ်ရေးပါတီအတွင်း ဗဟိုအလုပ်အမှုဆောင် မည်သူက မည်သို့ သဘောထားရှိခဲ့သည်ကို စုံလင်စွာ သိရှိနိုင်ရေး ဆက်သွယ်မေးမြန်းသွားမည်ဖြစ်ပြီး အသေးစိတ် အပြည့်အစုံ ထပ်မံ ဖော်ပြသွားပါမည်။

ပုံစာ – ပြီးခဲ့သည့် ဇန်နဝါရီ ၃ က ကျင်းပခဲ့သည့် မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အစည်းအဝေး (၁/၂၀၂၁) မြင်ကွင်းတစ်ရပ်။

ဓာတ်ပုံမူရင်းပိုင်ရှင် – မွန်ညီညွတ်ရေးပါတီ(ဗဟို)

<><><>

 

 

 

 

Leave a Reply