Advertisements

မော်လမြိုင်၊ ဇူလိုင်

တတိယအကြိမ်် ပြန်လည် ပြင်ဆင်သည့် မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကို ယခင်နှစ် ဇွန် ၂၁ ရက်က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ထားသည်။

စည်ပင်သာယာ ဥပဒေအရ ပြည်နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ် စည်ကော်မတီများကို အဆင့်ဆင့် ရွေးချယ်ရန် ရှိနေသော်လည်း ၂၀၁၈ ဇူလိုင်လအထိ အစိုးရအဖွဲ့မှ ရွေးကောက် တင်မြှောက်နိုင်ခြင်း မရှိသေးပေ။

ထို့သို့ ရွေးကောက်တင်မြှောက်ရန် ကြန့်ကြာနေမှုကို ဇူလိုင် ၁၁ ရက်က ကျင်းပသော မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယနှစ် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ သတင်းမီဒီယာများက မေးခွန်းမေးမြန်းခဲ့သည်။

“ကျွန်တော်တို့ ဘာကြောင့် စည်ပင်ကော်မတီကို မရွေးချယ်ရသေးလဲဆိုရင် စည်ပင်ကော်မတီက ဟိုတုန်းကလို သီးခြားရန်ပုံငွေ ထူထောင် ခွင့်မရှိတော့ဘူး၊ ထောက်ပ့့ံ ငွေနဲ့ သွားရမယ့် စနစ်ဖြစ်နေလို့ ရန်ပုံငွေအတွက် ပြန်လည် စိစစ်မှုတွေ လုပ်နေတယ်”ဟု ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသည်။

ကော်မတီအတွက် လိုအပ်သော  ဘတ်ဂျက်အား စီစဉ် ဆောင်ရွက်လျက်ရှိပြီး၊ လုပ်ငန်းစဉ် အားလုံး သုံးသပ်ပြီးပါက ပြန်လည် ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ရေးဆွဲနေသော စည်ပင်သာယာရေး နည်းဥပဒေတွင်လည်း ထောင်ဒဏ်နှင့် ငွေဒဏ်များကို အနည်းငယ် တိုးထားကြောင်းနှင့် ပြည်နယ် ဥပဒေချုပ်ထံ ဆက်လက် တင်ပြထားဆဲ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

လွှတ်တော်အတည်ပြုထားသော စည်ပင်သာယာဥပဒေအရ  မြို့နယ် စည်ပင်သာယာရေး ကော်မတီကို မြို့နယ် အိမ်ထောင်စုများက ရွေးချယ်သည့် လူပုဂ္ဂိုလ် ငါး ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့က ပေးပို့သည့် ခန်အပ်ခံ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး တစ်ဦးနှင့် မြို့နယ် စည်ပင်သာယာရေး အကြီးအကဲ တစ်ဦး၊ စုစုပေါင်း ရှစ် ဦးဖြင့် ဖွဲ့စည်းထားသည်။

ဥက္ကဌ နေရာကို ရွေးကောက်ခံ လူပုဂ္ဂိုလ် ငါး ဦးထဲမှ ရွေးချယ်သွားမည်ဖြစ်ပြီး၊ ပြည်နယ် စည်ပင်ကော်မတီကို မြို့နယ် ကော်မတီ ဥက္ကဌ များဖြင့် ဖွဲ့စည်းထားသည်။

မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့ပြီး ၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် ထပ်မံ ပြန်လည် ပြင်ဆင်ရေးဆွဲထားကာ ၂၀၁၇ ခုနှစ်တွင် ယင်းဥပဒေကို တတိယအကြိမ် ပြန်လည် ပြင်ဆင်ထားသည်။

လျှမ်းထက်

Advertisements
<

Leave a Reply