မော်လမြိုင်၊ ဇွန် ၅

အသစ်ပြဌာန်းလိုက်သော မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေအရ သီးခြားရန်ပုံငွေ တည်ထောင်ခွင့် မရှိသောကြောင့် စည်ပင်ရွေးကောက်ပွဲ ပြုလုပ်ရန် ခက်ခဲနေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ဇွန်လ၄ရက်နေ့ မွန်ပြည်နယ်အစိုးရရုံး ဟင်္သာခန်းမတွင် ကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့၏ တတိယနှစ်တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းက ကော်မတီဖွဲ့တာနဲ့ အခုကော်မတီဖွဲ့တာနဲ့ မတူဘူး ဆိုတာကိုတော့ နည်းနည်းသိထားဖို့လိုတယ်၊ အရင်တုန်းက သီးခြားရန်ပုံငွေတည်ထောင်ခွင့်ရှိပါတယ်၊ အခု စည်ပင်သာယာရေးအနေနဲ့ ကျွန်တော်တို့ သီးခြားရန်ပုံငွေတည်ထောင်ခွင့် မရှိပါဘူး၊ လွှတ်တော်မှာလည်း ကျွန်တော်ဖြေခဲ့ပြီးပါပြီး။” ဦးမင်းကျော်လွင် ကရှင်းပြသည်။

ထို့အပြင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက် ရန်ပုံငွေအပေါ်မူတည်နေပြီး လက်ရှိ အတည်ပြုထားသော ၂၀၁၉ – ၂၀၂၀ဘဏ္ဏာနှစ်အတွက် အသုံးစားရိတ်များထဲတွင်လဲ မပါဝင် ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“ကျွန်တော်တို့ဘယ်ကပိုက်ဆံနဲ့ လုပ်ရမှာလဲ၊ ဘယ်ရန်ပုံငွေနဲ့ ကျွန်တော်လုပ်ရမလဲ” ဟု ဦးမင်းကျော်လွင် က ပြောသည်။

ရန်ပုံငွေ အခြေအနေပေါ် မှုတည်ပြီး စည်ပင်ရွေးကောက်ပွဲကို ပြုလုပ်မယ့် အချိန်ကို ထုတ်ပြန်သွားမည် ဖြစ်ပြီး ၃လအတွင်း ဆောင်ရွက်ပေးသွားမှာဖြစ်သည်ဟု ဦးမင်းကျော်လွင်က ဆိုသည်။

ရန်လင်းအောင်

Leave a Reply