မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်အတွင်းရှိ လမ်းများတွင် စည်းကမ်းမဲ့စွာ ရပ်ထားသည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မွန်) မှ ရဲမှူးကျော်သူက ပြောကြားသည်။

မွန်ပြည်နယ်တွင် ယာဉ်ကြောကျပ်တည်းခြင်းကို ဖြစ်ပေါ်စေသည့်စည်းကမ်းမဲ့ ယာဉ်များကို တွေ့ရှိသည့် နေရာများတွင် ချက်ခြင်းဖမ်းဆီးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ရဲမှူးကျော်သူက ဆိုသည်။

“စည်းကမ်းမဲ့ ရပ်ထားတဲ့ယာဉ်ကို တွေ့ရင် ကျွန်တော်ကိုယ်တိုင် ဆင်းဖမ်းတာပါ”ဟု ၎င်းက ပြောဆိုသည်။

မော်လမြိုင်မြို့နယ်တွင် စည်းကမ်းမဲ့ ရပ်နှင်ထားသည့် ယာဉ်များကို အချို့နေရာများတွင် တွေ့ရှိသော်လည်း ယာဉ်ကြော အခက်အခဲ မရှိပါက နေရာဒေသအရ နားလည်ပေးထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် မော်လမြိုင်မြို့နယ်ရှိ လူစည်ကားသော အမှတ် (၁) အောက်ဈေးနှင့် မြိုင်ရတနာ လေးထပ်ဈေးများတွင် စည်းကမ်းမဲ့ ယာဉ်များထက် ယာဉ်ကြောကြပ်တည်းမှုများ မရှိအောင် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးမှုမှာ ဆိုင်ကယ် ၂၁၄၄ မှု၊ မော်တော်ယာဉ်  ၅၀၁ မှု၊ ဘေးတွဲဆိုင်ကယ် ၁၄၅ မှု၊ သုံးဘီး ၁၇ မှု၊ ထော်လာဂျီ ၅ မှုရှိကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မွန်) မှ သိရသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply