စတုတ္ထမဏ္ဍိုင်အတွင်းမှ သတင်းနှင့် သတင်းထောက်များ

ခေတ်အဆက်ဆက်တိုင်း၌ ထူးခြားသောဖြစ်စဉ်၊ဖြစ်ရပ်များကိုသတင်းထူးများအဖြစ် သတင်းဦးမှုရရှိစေရန် သတင်းထောက်များမှ သူ့ထက်ငါ အပြိုင်အဆိုင်ရယူဖော်ပြနေကြသည်။

အချို့သောသတင်းထောက်များမှာ သတင်းအခြေခံစတင်ဖြစ်ပေါ်ရာ အခင်းဖြစ်ရပ်များသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာတိကျမှန်ကန်သော သတင်းကောင်းတစ်ပုဒ်ဖြစ်စေရန် ကြိုးစားအားထုတ်၍ ဖော်ပြလျက်ရှိကြသော်လည်းအချို့သောသတင်းသမားတို့မှာ တစ်ဆင့်ကြားသိရသော သတင်းပြီးပြည့်စုံမှုမရှိသေးသော သတင်းအကျဉ်းများကို အကျယ်ချဲ့ကာရေးသားဖော်ပြတတ်ကြသည်။

သတင်းဟု ဆိုလိုက်သည်နှင့် မှန်ကန်မှုတိကျမှုရှိရမည်။ သတင်းသမားများသည် စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့်ပတ်သက်သော ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်ရာတိုးတက်ကြောင်းများကို နည်းမှန်လမ်းမှန် မှန်ကန်တိကျစွာ ဖော်ပြပေးရမည်ဖြစ်သကဲ့သို့ ပြည်သူတို့ထိခိုက်နစ်နာခဲ့ရသော ဖြစ်ရပ်သတင်းများနှင့် အထူးသဖြင့်မှုခင်းဘက်ဆိုင်ရာသတင်းများတွင် ပိုမိုတိကျစွာ ရေးသားတင်ပြကြရန် တာဝန်ရှိသည်။

စာပေသမား၊ သတင်းသမား(သတင်းထောက်)များ၏ အဓိက ရည်မှန်းချက်ထားရမည့် တာဝန်ကြီးတစ်ရပ်မှာ “ပြည်သူလူထုမှ ယုံကြည်အားကိုးလာမှုကိုစွမ်းဆောင်ရယူနိုင်ရေး ”ပင်ဖြစ်သည်။

မိမိနေထိုင်ရာ အရပ်ဒေသရှိ သတင်း သို့တည်းမဟုတ် တစ်ပါးသောအရပ်ဒေသမှ သတင်းတစ်ပုဒ်ကို ဖော်ပြတော့မည်ဆိုလျှင် သာမန်သတင်းတစ်ပုဒ်ပင်ဖြစ်လင့်ကစား၊ အချက်အလက်တိကျမှန်ကန်ဖို့ရ ာအလွန်အရေးကြီးပါသည်။ မိမိ ရရှိထားသော သတင်းတစ်ရပ်ကို သတင်းဖတ်သူများ တစ်နည်းအားဖြင့် သတင်းစောင့်ကြည့်သူများမှလည်း အကျိုးအကြောင်း ဖြစ်ရပ်အမှန်များကို သိရှိထားနှင့်ပြီးသူများ ရှိကောင်းရှိလိမ့်မည်။

သတင်းထောက်မှ ၎င်းသတင်းတစ်ရပ်အား လူသိရှင်ကြား ဖော်ပြခဲ့သည်ရှိသော သတင်းအချက်အလက်များ မှားယွင်းသွားပါက သတင်းစာဂျာနယ်များနှင့် သတင်းမီဒီယာသမားတို့၏ အပေါ်တွင်အထင်မြင် သေးခြင်းနှင့် ယုံကြည်မှုကင်းမဲ့ခြင်းများကို ခံစားရတတ်ပါသည်။ ယနေ့ ဒီမိုကရေစီစနစ်သို့ ဦးတည်နေသောအချိန်ကာလအတွင်း သတင်းသမားတို့သည် ပြည်သူလူထုထံသို့ သတင်းရေးသားတင်ဆက်ရာ၌ ပြည့်စုံတိကျမှုသည် အရေးကြီးလှပေသည်။ မပြည့်စုံမသေချာသောကြောင်းချင်းရာ သွေဖည်နေသော သတင်းသည် တစ်ဝက်တစ်ပျက်သတင်းအနေနှင့် ဘက်လိုက်သည့်သတင်းဘက်သို့ ရောက်ရှိသွားလိမ့်မည်။

မူလသတင်း၏ အရင်းမြစ်မှ အနည်းငယ်မျှပင် တိမ်းစောင်းစေကာမူ သတင်းမှန်အဖြစ်မှ ကင်းကွာသွားပြီဟုဆိုနိုင်သည်။သတင်းထောက်တစ်ယောက်၏ တင်ပြမှု မတော်တဆမှားယွင်းသွားလျှင် တစ်ဖက်သို့ တမင်ကြံရွယ်သော အပြစ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။

သတင်းဂျာနယ်တိုက်များကို အပြစ်မမြင်လိုပါ။ နယ်မှတက်သော သတင်းသည် ဖြစ်ရပ်အမှန်နှင့် ရေးသားပေးပို့ချက်တို့ တူညီမှုရှိ/မရှိကို ၎င်းတိုက်များမှ မသိရှိနိုင်ပါ။ သက်ဆိုင်ရာ သတင်းစာတိုက်များမှ ခန့်ထားသော သတင်းထောက်များ၌သာ တာဝန်ရှိပါသည်။ အိမ်မှာထိုင်ကာ အခြားမြို့ရွာများမှ ဖြစ်ပျက်သတင်းအကျဉ်းကိုယူကာ ပြီးစလွယ်ရေးသားကြခြင်းသည် ရေးသားသူ သတင်းသမားနှင့် ဖော်ပြသော သတင်းစာဂျာနယ်တို့အား ယုံကြည်မှုပျောက်သွားနိုင်ပေသည်။

ယနေ့ခေတ်ကာလအရ သတင်းစာသမားတို့သည် ပြည်သူလူထု သိသင့်သိထိုက်သော သတင်းစာများကို အငမ်းမရ အပြိုင်အဆိုင် ရှာဖွေကာ ရေးသားတင်ပြလာခြင်းကြောင့် “သတင်းမုဆိုး” ဟူသော စကားလုံးပင် ခေတ်စားနေပါသည်။ ဖြစ်ရပ်ကို သေချာတိကျအောင် စုံစမ်းထောက်လှမ်းရယူနိုင်မှသာ သတင်းထောက်တစ်ဦး၏ အရည်အချင်းဖြစ်လိမ့်မည်။

အသင့်ရရှိသော သတင်းများကို မှီခိုရေးသားပြီး ကိုယ်တိုင်ကြိုးစားအားထုတ်၍ စုံစမ်းဖော်ထုတ်ရသည့် သတင်းထောက်များ၏ကဏ္ဍများကိုမူ ပစ်ပယ်လာကြသည်။

ပြည်သူတစ်ဦးချင်း၏ ကိုယ်စီဝါသနာပါရာများ တူညီရန်ခက်ခဲသော်လည်း နေ့စဉ်သတင်းဂျာနယ်များ ဖတ်ရှုလာကြခြင်းသည် တူညီလာကြသည်။ အားကစားဝါသနာပါသူများက အားကစားဂျာနယ်ကို ဖတ်သကဲ့သို့ နိုင်ငံရေးကို စိတ်ပါဝင်စားသူများမှာ နိုင်ငံရေးဂျာနယ်များ၊ သတင်းစာများကို ရှာဖွေဖတ်ရှုလာကြသည်။ သတင်းသမားနှင့် သတင်းဖတ်သူ၊ သတင်းတင်ဆက်သူနှင့် သတင်းကြည့်သူတို့သည် အပြန်အလှန်နားလည်မှုရှိရန်လည်း လိုအပ်သည်။

သတင်းသမားတို့သည် ပြည်သူလူထုကို ထိတ်လန့်တုန်လှုပ်ချောက်ချားသွားအောင် ပြုလုပ်နိုင်စွမ်းရှိသကဲ့သို့ ငြိမ်းချမ်းသွားအောင်လည်း ဆောင်ရွက်နိုင်စွမ်းရှိကြသည်။ သတင်းမီဒီယာတို့သည် နိုင်ငံနှင့် ပြည်သူလူထုအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သကဲ့သို့ သတင်းတင်ဆက်သူများကလည်း ပြည်သူများအပေါ် မှားနေတာကို အမှန်၊ မှန်နေတာကို အမှားလုပ်ဆောင်နိုင်သလို သနားတတ်လာအောင်၊ ငိုချင်လာအောင်၊ ရွံရှာမုန်းတီးလာအောင်၊ ကြောက်ရွံ့လာအောင်၊ မျက်ရည်ကျလာအောင် ဆောင်ရွက်နိုင်စွမ်းရှိကြသည်။ ထိုသို့သော အကြောင်းများကြောင့် သတင်းမီဒီယာတို့သည် မိမိတို့၏ သတင်းထောက်အဖွဲ့အစည်းအသီးသီးမှ ချမှတ်ထားသော သတင်းထောက်ကျင့်ဝတ်စည်းကမ်းနှင့် ဂုဏ်သိက္ခာ အစဉ်အမြဲ ဦးထိပ်ပန်ဆင်သင့်သည်။

“ငါ သတင်းထောက်ပဲ” “ဓားသွားထက် ကလောင်စွမ်းထက်” တယ်။ ကလောင်စွမ်းပြချင်သလို ပြမည်ဟု ငါကကော, ကောကာ မာန်မာနများ တက်နေမည်ဆိုပါက မိမိ၏ကလောင်အစွမ်းက ဘယ်လောက်ထက်မည်တော့မသိပါ။

“ကလောင်သွားထက် ဓားသွားကထက်” ပါလိမ့်မည်။ “ဓားသွားထက် ဥပဒေသွားက ပိုမိုထက်မြက်”ကြောင်း အကြောင်းတိုက်ဆိုင်လာပါက သိရ၊ ကြုံရပါလိမ့်မည်။

သတင်းတိုင်းသည် ရိုးသားသင့်သည်။ သန့်ရှင်းသင့်သည်။ ဖြစ်ရပ်နှင့် ထပ်တူ မှန်ကန်သင့်သည်။

ဒီမိုကရေစီကို ဦးတည်ဖော်ဆောင်နေသော နိုင်ငံတွင် မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည်ဟု အကျယ်တဝင့် ပြောနေကြသည်။

စတုတ္ထမဏ္ဍိုင်ဖြစ်သည်ဆိုပါစို့။ စတုတ္ထမဏ္ဍိုင်၏ တာဝန်ဝတ္တရားကား အဘယ်နည်း။ မီဒီယာမဏ္ဍိုင်သည်ကာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တည်းဟူသော မဏ္ဍိုင်ကြီး (၃)ရပ်အား မယိုင်မနဲ့၊ မတိမ်းမစောင်းစေရန် ဖြောင့်မတ်မှန်ကန်မှုရှိစေရန် ထိန်းသိမ်းကျားကန်ပေးရမည်ဖြစ်သည်။

မူလမဏ္ဍိုင်ကြီး (၃)ရပ်မှာ အခြေအနေနှင့် အချိန်အခါပေါ် မူတည်၍ ယိုင်နဲ့တိမ်းစောင်းစေနိုင်သဖြင့် စာပေသမား၊ သတင်းသမားတို့က အသိ၊ အသိတရားတို့ဖြင့် တည့်မတ်ပေးရန် လိုအပ်ပါသည်။

နိုင်ငံတစ်နိုင်ငံအတွင်း အစိုးရနှင့် ပြည်သူကြား အဓိကလိုအပ်သော အဖွဲ့အစည်းမှာ မီဒီယာဖြစ်သည်ကို ယနေ့ခေတ် ပြည်သူလူထုတစ်ရပ်လုံး သိနှင့်နေပြီဖြစ်သည်။ အစိုးရနှင့် ပြည်သူတို့အကြား ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ် တည်ရှိနေခြင်းကြောင့်လည်း မီဒီယာတို့သည် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကို စောင့်ကြည့်ဖော်ပြပေးနေရမည်ဖြစ်သကဲ့သို့ အစိုးရ၏ ဘက်စုံလုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်ဖော်ပြပေးနေရမည်ဖြစ်ပါသည်။

သို့မှသာ နိုင်ငံနှင့် ပြည်သူလူထုအတွက် တိုးတက်ရတိုးတက်ကြောင်း နည်းလမ်းကောင်းများရရှိမည်ဖြစ်ပါသည်။ ယခုကာလ၏ မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ်လာပြီဟူသော အသိ၏နောက်ကွယ်၌ သတင်းလွတ်လပ်ခွင့်ရှိသည်ဟု အယူမှားတတ်ကြသည်။ သတင်းလွတ်လပ်ခွင့်သည် အတိုင်းအတာ၊ စည်း၊ ဘောင်ရှိပါသည်။ အစွန်းရောက်ထိခိုက်သော ရေးသားဖော်ပြမှု၊ မမှန်မကန် လုပ်ကြံရေးသားဖော်ပြမှု၊ ဘက်လိုက်ရေးသားဖော်ပြမှုများကိုမူ မပြုလုပ်မိစေရန် သတင်းသမားတိုင်း ဆင်ခြင်သတိပြုသင့်သည်။

သတင်းထောက်တစ်ဦး၏ “ကျွမ်းကျင်မှု” ကို အရင်းခံကာ “ဦးတည်ချက်” မပျေ ာက်စေဘဲ “မျှတသော” အတွေးအရေးတို့ဖြင့် လောကကို အလှဆင်ကြမည်ဆိုပါလျှင် —

Written by လင်းလက်(ပေါင်း)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.