Advertisements

မော်လမြိုင်၊ သြဂုတ် ၂၈

မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်း၏ သမီးတော် အသျှင်ထိပ်စုမြတ်ဘုရားလေး (စတုတ္ထသမီးတော်)၏ အုတ်နန်းပြဿဒ်မှာ ရှေ့ဟောင်းအဆောက်အအုံဖြစ် သတ်မှတ်၍ မရသေးကြောင်း ပြည်နယ် ရှေးဟောင်း သုတေသနဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဇော်ဟန်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ရှေ့ဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေတွင် နှစ်ပေါင်း ၁၀၀နှစ်အထက် အဆောက်အအုံများကိုသာ ထိန်းသိမ်းရန် သတ်မှတ်ထားသဖြင့် စတုတ္ထသမီးတော်၏ အုတ်နန်းပြဿဒ်မှာ သက်တမ်းမပြည့်သေးကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

“ဒီအုတ်နန်းပြသာဒ်က ရှေ့ဟောင်းအဆောက်အအုံအဖြစ်အကျုံးမဝင်သေးတဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ ရှေ့ဟောင်းအဆောက်အအုံဥပဒေနဲ့ လက်ရှိအချိန်မှာ ဆောင်ရွက်ပေးလို့မရဘူး”ဟု ဦးဇော်ဟန်က ဆိုသည်။

ယခုလို ရှေးဟောင်း အဆောက်အဦအဖြစ် မသတ်မှတ်ရသေးသဖြင့် ယင်းအုတ်နန်းပြဿဒ်ကို ဆွေတော်မျိုးတော်များ သို့မဟုတ် တခြား အဖွဲ့အစည်း အကူအညီဖြင့် ထိန်းသိမ်းထားသင့်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ အုတ်နန်းပြဿဒ်မှာ မိုးရွာသွန်းမှုများကြောင့် အနောက်ဘက်နေရာများတွင် မြေပြိုကြမှုအချို့နှင့် အုတ်တံတိုင်း ပြိုကျမှုများဖြစ်ပေါ်နေသည့်အတွက် ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံတောင်းဆိုခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း စတုထ္ထသမီးတော်၏မြစ်တော် တော်မြတ်စိုးက ပြောဆိုသည်။

“မွန်ပြည်နယ်မှာ ရှေ့ဟောင်းအဆောက်အဦးနဲ့ ပတ်သက်ပြီးတော့ ထိန်းသိမ်းဖို့အတွက် သူတို့မှာ ဘက်ဂျက်မရှိဘူးဆိုတဲ့စကားပဲ ထွက်လာပါတယ် ပြည်ထောင်စုကိုတင်ပြမှသာ လုပ်ဆောင်နိုင်မယ် မွန်ပြည်နယ်အနေနဲ့ ဘာမှလုပ်ဆောင်ပေးလို့မရပါဘူးဆိုပြီး ပြန်ကြားလာတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ မြေပြိုမှုများဆက်လက်ဖြစ်ပေါ်ပါက အုတ်နန်းပြဿဒ်အနောက်ဘက်ရှိ သာသနာ့ရိပ်သာကျောင်းတွင် နေထိုင်ကြသည့် ရဟန်းများနှင့် အဆောက်အအုံများ အချိန်မရွေးထိခိုက်နိုင်သည့် အခြေအနေတွင် ရှိနေသည့်အတွက် ပြန်လည်ပြုပြင်ဆောင်ရွက်သင့်ကြောင်း သာသနာ့ရိပ်သာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးခေမိသာရက မိန့်ကြားသည်။

“ဦးဇင်းက ရိပ်သာဖွင့်ထားတာ စတုထ္ထသမီးတော်ဂူနဲ့ဆိုရင် ယောဂီဆောင်တည့်တည့် အခုလက်ရှိပြိုတဲ့နေရာနဲ့ ကြည့်ရင်သံဃာတွေနေတဲ့အဆောင်နဲ့တည့်တည့်ဆိုတော့ အချိန်မရွေး ပြိုကြရင် ထိခိုက်နိုင်တယ်”ဟု ၎င်းကမိန့်ကြားသည်။

သီပေါမင်း၏သမီးတော် အသျှင်ထိပ်စုမြတ်ဘုရားလေး(စတုထ္ထသမီးတော်)မှာ ၁၉၃၆ခုနှစ် သက်တော်(၄၉)နှစ်တွင် မော်လမြိုင်မြို့ စံပြအေးရပ်ရှိ စံအိမ်တော်တွင် အဖျားရောဂါဖြင့် နတ်ရွာစံခဲ့သည့်အတွက် အုတ်နန်းပြသာဒ်ကို ကျိုက်သလ္လံစေတီတော်နှင့် မဟာမြတ်မုနိစေတီတော်အနီးတွင် ဂူသွင်းမြုပ်နှံခဲ့ခြင်းဖြစ်သည်။

သက်ပိုင်

Advertisements
<

Leave a Reply