Advertisements

မော်လမြိုင်၊ သြဂုတ် ၅

ရေကြီးနစ်မြုပ်၍ စပါးစိုက်ဧကများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် တောင်သူလယ်သမားများအနေဖြင့် လိုအပ်ပါက မြန်မာနိုင်ငံ ဆန်၊ စပါးအသင်းချုပ်သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း ဇူလို်င် ၃၁ ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်သည်။

ထုတ်ပြန်ချက်အရ စပါးစိုက်ခင်းပျက်စီးသွားသော တောင်သူများသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ရုံးဖုန်းအမှတ် ဝ၁-၂၁၈၂၆၆၊ ၆၈၊ ဝ၁-၂၃ဝ၁၁၂၈၊ ၂၉ သို့ ဆက်သွယ်အကူအညီတောင်းခံရန် တိုက်တွန်းထားသည်။

ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာမြေများ ထိခိုက်ပျက်စီးခဲ့သောကြောင့် စပါးပြန်လည်စိုက်ပျိုးနိုင်ရေး အကူအညီပေးရန် ဆန်၊ စပါးအသင်းချုပ်က စီစဉ်နေသည်။

ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာ့စီးပွားရေးအတွက် အရေးကြီးသော ထုတ်လုပ်မှုကဏ္ဍဖြစ်သဖြင့် ထိခိုက်ဆုံးရှုံးမှုများကြုံတွေ့ရသော တောင်သူများအတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေများနှင့်အညီ ရေဘေးဒဏ်ခံရသော တောင်သူလယ်သမားများအား စနစ်တကျ စိစစ်လျက် ထိထိရောက်ရောက် ပံ့ပိုးကူညီပေးနိုင်ရန် နိုင်ငံတော်အစိုးရအား အကြံပြုတိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိခိုက်ပျက်စီးသွားသည့် လယ်ယာမြေများတွင် စပါးများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်းများ မထိခိုက်စေရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“အသင်းချုပ်ကတော့ ထုတ်ပြန်ချက် ထုတ်ထားတယ်၊ ဒီအတွက်လည်းကြိုဆိုတယ်၊ လက်ရှိအချိန်အထိတော့ ကျွန်တော် အသင်းနဲ့ ဆက်သွယ်တာ မရှိသေးဘူး”ဟု မွန်ပြည်နယ် ဆန်၊ စပါးစိုက်ပျိုးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခိုင်ဦးကဟင်္သာမီဒီယာသို့ ပြောဆိုသည်။

အသင်းချုပ်အနေဖြင့် တောင်သူများအတွက် ပညာပေးဆွေးနွေးမှုများပြုလုပ်ခြင်း၊ မျိုးနှင့် သွင်းအားစုဓာတ်မြေသြဇာများရရှိရေးအတွက် ပေါင်းစပ်ကူညီပေးခြင်း၊ ထွန်ယက်ရေးအစီအစဉ်များ ဝန်ဆောင်မှုပေးခြင်းစသည့် လုပ်ငန်းများကို အသင်းချုပ်၏ စွမ်းအားရှိသမျှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply