ချောင်းဆုံ၊ နိုဝင်ဘာ ။ ။ ယခုနှစ်အတွင်း စပါးဈေးနှုန်းများ ကျဆင်းနေသော်လည်း ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရိတ်သိမ်းစရိတ်နှင့် လုပ်သားခ ဈေးနှုန်းများမှာ ယခင်နှစ်များထက် မြင့်တတ်နေခြင်းကြောင့် လယ်သမားများအတွက် အရှုံးများပေါ်လာနိုင်ကြောင်း ချောင်းဆုံမြို့နယ်ရှိ လယ်သမားများထံမှ သိရသည်။

field

“အရင်နှစ်တွေမှာ စပါးရိတ်သိမ်းခ တစ်ဧကကိုအမြင့်ဆုံး သုံးသောင်းခွဲ ဖြစ်ခဲ့တယ်၊ အခုနှစ်မှာ စပါးရိတ်သိမ်းခ တစ်ဧကကို လေးသောင်းခွဲကနေ ငါးသောင်းထိပေါက်ဈေးတွေ ဖြစ်နေတယ်၊ အလုပ်ကြမ်းသမား လုပ်သားခ နှုန်းထားလည်း အရင်နှစ်မှာ ငါးထောင်၊ ခြောက်ထောင်ကနေ အခုနှစ်မှာ ခုနှစ်ထောင်၊ ရှစ်ထောင်ထိ တိုးပြီး တောင်းနေကြတယ်”ဟု ကော့မုပွန်ကျေးရွာတွင် လယ်ယာလုပ်ကိုင်သူ ဦးအောင်လှက ပြောသည်။

လုပ်သားခ ဈေးမြင့်နေသော်လည်း လက်ရှိတွင် စပါးဈေးကျဆင်းနေပြီး ဒေသတွင် ပြည် ၂၀ ဝန်းကျင်ရှိ တင်းတောင်းဖြင့် ဆန်ကြမ်းအုပ်စုတင်း ၁၀ဝ လျှင် ၄၀ဝ၀ဝ၀ ကျော်၊ ဆန်ချောအုပ်စုတင်း ၁၀ဝ လျှင် ၆၀ဝ၀ဝ၀ ဝန်းကျင်သာ ဖြစ်နေကြောင်း၊ ယခင်နှစ်က စပါးပေါ်ချိန် ပေါက်ဈေးထက် နိမ့်ကျနေပြီး စပါးပေါချိန်များတွင် စပါးဈေးများ ပို၍နိမ့်ကျနိုင်ကြောင်း ဒေသတွင်းကုန်သည်များက သုံးသပ်ပြောဆိုသည်။

“ထွန်ယက်စိုက်ပျိုးစရိတ်၊ မျိုးစပါးစရိတ်၊ မြေသြဇာစရိတ်၊ ရိတ်သိမ်းခြွေလှေ့စရိတ်တွေနဲ့ အခုနှစ် စပါးဈေးနှုန်း အရ လယ်လုပ်ရတာ အကျိုးအမြတ်ရှိနိုင်မှာ မဟုတ်ဘူး၊ စိုက်ပျိုးပြီးရင်လည်း ခရုကိုက်၊ ပိုးကျ စိတ်ပူရ၊ ရိတ်သိမ်းပြီးရင်လည်း ရာသီဥတုဖောက်ပြန်တာ စိုးရိမ်ရနဲ့ ပျက်စီးရင်လည်း အပိုကုန်ကျမှုတွေ ရှိသေးတယ်”ဟု ကော့ရွဲကျေးရွာမှ လယ်ယာလုပ်ကိုင်သူ ဦးသန်းလှိုင်က ငြီးညူပြောဆိုသည်။

ကောက်သစ်များ ထွက်ပေါ်နေပြီဖြစ်သော်လည်း စပါးဟောင်းများ ရောင်းချနိုင်ခြင်း မရှိသေး၍ တောင်သူ တစ်ချို့မှာ ကောက်သစ်များ သိုလှောင်ရန် အခက်အခဲများရှိလာပြီး တောင်သူ တချို့မှာ စပါးဈေးနှုန်း မြင့်တက်မည့် အချိန်များကို စောင့်ဆိုင်းမနေတော့ဘဲ ရရာဈေးနှုန်းများဖြင့် ရောင်းချရမည့် အခြေအနေတွင် ရှိနေကြောင်း ကမာမိုကျေးရွာမှ ဦးရွှေက ပြောသည်။

“စပါးကို အားကိုးတော့လည်း စပါးဈေးကျပြန်တယ်၊ ပဲကိုရောင်းမယ်လုပ်တော့လည်း ဈေးကျနေပြန်တယ်၊ လယ်သမားမှာရှိတဲ့ စပါးနဲ့ ပဲတွေဘဲ ဈေးကျနေတယ်၊ ကျန်တဲ့ကုန်ဈေးနှုန်းနဲ့ လုပ်သားခတွေ ဈေးမြင့်နေတော့ လယ်သမားတွေ လူဖြစ်တော့မှာ မဟုတ်ဘူး”ဟု ကော့မုပွန်ကျေးရွာမှ ဦးစိုးဝင်းက ဆိုသည်။

ချောင်းဆုံမြို့နယ်တွင် ဒေသခံ ၇၀ ရာခိုင်နှုန်းနီးပါးသည် လယ်ယာလုပ်ငန်းကို အားကိုးလုပ်ကိုင်နေကြရပြီး ယခုနှစ် စပါးဈေးနှုန်းများမှာ လယ်သမားများအတွက် အခက်အခဲများရှိနိုင်လာနိုင်သဖြင့် လယ်သမားများ ဈေးကောင်းရစေမည့် ခေတ်မှီစပါးမျိုးစေ့များကို ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply