Advertisements

မော်လမြိုင်၊ မေ

မွန်ပြည်နယ်အတွင်း စပ်ဆေး ထုတ်လုပ် ရောင်းချမှုများကို ယခုဘဏ္ဍာနှစ်အတွင်း စီမံချက်အသွင်ဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် FDA တို့ ပူးပေါင်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“စပ်ဆေး ရောင်းချမှုတွေကို ကျွန်တော်တို့ ပညာပေး လုပ်လာတာ ၃ နှစ်ရှိပြီး၊ အခုက ပြတ်ပြတ်သားသား လုပ်တော့မယ်”ဟု ၎င်းက ဆိုသည်။

စပ်ဆေးရောင်းချမှုများကို ဖော်ထုတ်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အများဆုံး ထုတ်လုပ် ရောင်းချနေသည့် နေရာများကို ဦးစားပေး ရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ စိုးနိုင်က ပြောသည်။

စပ်ဆေး ထုတ်လုပ် ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိပါက ဆေးဆိုင်များကို လိုင်စင်ပိတ်သိမ်းခြင်း၊ ကာလတစ်ခုအထိ ပိတ်သိမ်းခြင်းအပြင် အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၅(က)နှင့် အရေးယူဆောင်ရွက်မည်ဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ခုနှစ် နှစ်ထိ ကျခံနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စပ်းဆေးများကို ကျေးလက် ဒေသများတွင် အသုံးများနေပြီး ထိုအခြေအနေကို ပပျောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စပ်ဆေး သောက်သုံးမှုသည် ဘေးထွက်ဆိုးကျိုးများပြီး အလွန်အန္တရာယ်ကြီးကြောင်း ကိုယ်တိုင်ခံစားခဲ့ရသော မော်လမြိုင် ဇေယျာသီရိရပ်ကွက်နေေ မသော်တာက ပြောကြားသည်။

“အမတုန်းကဆို အအေးမိတာပဲဟာကို အမေက စပ်ဆေးတိုက်တယ်လေ၊ သောက်လို့လဲပြီးရော အသက်ရှုလို့ မရတော့ဘူး၊ နှလုံးတွေအရမ်းတုန်လာတာလေ၊ ဆေးရုံနှစ်ပတ်တက်လိုက်ရတယ်၊ အရမ်းကြောက်ဖို့ ကောင်းတယ်”ဟု ၎င်းက ပြောသည်။

စပ်ဆေးများတွင် အပြင်းစားအကိုက်အခဲပျောက်ဆေးပါဝင်နေသောကြောင့် အစာအိမ်ရောဂါရှိသူများနှင့် ဆေးဓာတ်မတည့်သည့်ရောဂါရှိသူးများအတွက် အသက်အန္တရာယ် ထိခိုက်နိုင်ပြီး ကျောက်ကပ်ပျက်စီးခြင်း၊ အစာအိမ်ပေါက်ခြင်းနှင့် အစာအိမ်သွေးယိုခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။

Written by ထိုက်ထိုက်

Leave a Reply