နဖူးပေါ် လက်တင်လို့ ပက်လက် ကုလားထိုင်မှာ စဉ်းစားခန်း ဖွင့်ရင်း ၊ ညာဘက်က ကွန်ပျူတာ ခုံပုလေးမှာ တင်ထားတဲ့ စာအုပ်လေးပေါ် ကျနော် ချရေး ထားတဲ့ စာလုံး လေးကို လှမ်းလှမ်း ကြည့်မိတယ်။ စာအုပ်ဖြူ ပေါ်မှာ မှင်ပြာ လေးနဲ့ ကျနော် ရေးထားတဲ့ စာလုံး လေးက “ငြိမ်းချမ်းရေး” ဆိုတဲ့ စာလုံး လေးပါ။

Peace-building-on-the-paper

ဖြစ်နိုင်တယ် ဆိုရင် စာရွက်ပေါ်မှာ အလွယ် ကလေး ရေးပြီး ၊ အခုပင် ငြိမ်းချမ်းရေး ရအောင် လုပ်လိုက် ချင်စမ်းပါဘိ။ သို့ပေမယ့် နိုင်ငံအရေး အရာ ဆိုတာ ကလည်း မင်းရေး မာယာ ကြွှယ်ကြွှယ် တိမ်တောင် သဖွယ် ပေမို့ပဲလေ။

ကျနော် မှတ်မိသလောက် “ငြိမ်းချမ်းရေး” ဆိုတဲ့ ကြုံးဝါး သံက ၂၀၁၀ အပစ်ရပ်ပြီး နောက်ပိုင်း ပိုပြီး ကြွှေးကြော်သံ ကျယ်လာ သလားလို့။ လက်နက်ကိုင် အဖွဲ့အစည်း ဘက်လောက်နဲ့ အပစ်ရပ်ရေး တည်ဆောက် နိုင်ခဲ့ပြီး ငြိမ်းချမ်းရေး ရပါ တော့မယ်လို့ စားရ ဝမခန်း ငြိမ်းချမ်းရေး သူရဲကောင်း တွေရဲ့ ကြံုးဝါး သံတွေ ကြားခဲ့ရ တာလည်း အထပ်ထပ် ရှိလှပေါ့။

စဉ်းစား မိတာက အဲလောက် လွယ်မယ် ဆိုရင်ပေါ့ ငြိမ်းချမ်ရေး အတွက် အနှစ် (၆၀) ကြာ ပြည်တွင်းစစ် ဖြစ်လာစရာ မရှိတော့ပါ။ ဒါ့ပြင်ကို စစ်ပွဲ တွေကြောင့် မြေဇာပင် ဘဝ ရောက်ခဲ့ရတဲ့ တိုင်းရင်းသား ဒေသ တွေက လူမှု၊ စီးပွား၊ ပညာ၊ ကျန်မား အစစ ယနေ့အထိ နာလန် ထူနိုင်အောင် ကြိုးစား ရုန်းကန် နေရတုန်းပဲ။ ငြိမ်းချမ်ရေး ဆိုတာကြီးက လိုချင်ပါလျှက်နဲ့ အလှမ်းခက် နေတာ၊ မြင်နေ ပါလျက် ခရီးဝေး နေဆဲလား။

၂၀၁၀ နောက်ပိုင်း တက်လာတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံ ပြုပြင် ပြောင်းလဲမှုကတော့ ဒီမိုကရေစီ စံနဲ့ ညီသော်ရှိ မညီ သော်ရှိ ဖြစ်ထွန်း တိုးတက်မှု အားကောင်း ခဲ့တဲ့ ဖြစ်ထွန်းမှု တစ်ရပ်လို့ ဆိုရမှာပါ။ ဒီဖြစ်ထွန်းမှု အောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပစ်ရပ်ဖို့ ဖြစ်လာတယ်။ ပါဝင်ဖို့ ဖြစ်လာတယ်။

တစ်ဖက် အစိုးရကလည်း ငြိမ်းချမ်းရေးကို တည်ဆောက် ချင်တဲ့ ဆန္ဒ ရှိနေသလို ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း ငြိမ်းချမ်းရေး ငတ်မွတ်ခြင်း အာသီသ ပြည့်ဝအောင် ကြိုးပမ်းဖို့ အခွင့် အလမ်း တစ်ရပ် ဖြစ်လာခဲ့တယ်။

အခုဆိုရင် ငြိမ်းချမ်းရေး တည်ဆောက် မယ်လို့ ကြံုးဝါး ထားကြတဲ့ နှစ်ဖက် စလုံး အစိုးရ ဘက်က၊ တိုင်းရင်းသား လက်နက်ကိုင် ဘက်က စာရေးသူ ဤဆောင်းပါးကို ရေးနေချိန် အထိ ရန်ကုန်မြို့မှာ ရှိတဲ့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှာ ဆွေးနွေး နေကြဆဲပါ။

“တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုးဖို့” ညှိနှိုင်းခြင်းကား ပထမ၊ ဒုတိယ၊ တတိယ၊ အခု ဆိုရင် စတုတ္ထ အကြိမ် ရှိခဲ့ပြီ။ တိတိ ကျကျ အဖြေ မတွေ့ရသေး။ ဒါ့ပြင်ကို စက်တင်ဘာ ၂၃ ရက်နေ့ ဆွေးနွေး ပွဲမှာ တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ ပါဝင် တက်ရောက် နေတဲ့ ဒီစတုတ္ထ အကြိမ် ဆွေးနွေးပွဲမှာ တပ်ဘက် ဆိုင်ရာ ကိစ္စတွေ ညှိတာ နားလည်မှု မရလို့ အစည်းအဝေးကို စောပြီး ရပ်နား ရတယ် ဆိုပြီး သတင်းဌာန တွေမှာ ဖော်ပြ ကြတာ ဖတ်ရှူ့ရတော့ စိတ်ထဲမှာတော့ မကောင်းပါ။

စာရွက်ဖြူပေါ်မှာ ကျနော် ရေးထားတဲ့ “ငြိမ်းချမ်းရေး” ဆိုတဲ့ စကားလုံး သုံးလုံးက တည်တည်ငြိမ်ငြိမ် ခန့်ခန့် ငြားငြား ရှိဆဲပါ။

ဒီလောက် နှစ်ဖက် စလုံး လိုချင် တက်မက်မှု ပြင်းပြ နေတဲ့ “ငြိမ်းချမ်းရေး” တက်လှမ်းဖို့ “အပစ်ရပ်ဆွေးနွေး” မှုတွေ ကြာရှည် နေတာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားစရာ တွေးတော စရာ အဖြစ် အာရုံထဲ အပြေးဝင်လာ ပြန်ရော။

အစိုးရရဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ ချမှတ် ထားတဲ့ မူအချက်တွေ ပြန်ကြည့်မယ် ဆိုရင်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း ဆွေးနွေးမှု မူ (၈) ချက်မှာ –

စဉ် အကြောင်းအရာ
၁။ ပြည်ထောင်စု အတွင်း ထာဝရ လက်တွဲ နေထိုင်ရန်
၂။ အမျိုးသား နိုင်ငံရေး ဦးတည်ချက် (၃) ရပ် ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေး တို့ကို လက်ခံရန်။
၃။ စီးပွားရေးနှင့် ဖွံ့ဖြိုး ရေး လုပ်ငန်း များတွင် ပူးပေါင်း ဆောင်ရွက်ရန်။
၄။ မူးယစ်ဆေးဝါး နှိမ်နှင်းရေးတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ရန်။
၅။ နိုင်ငံရေး ပါတီ ဖွဲ့စည်း၍ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန်။
၆။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒကို လက်ခံ၍ လိုအပ်သည့် ပြင်ဆင်မှု များကို လွှတ်တော်မှတဆင့် ၊ အများ၏ ကျေလည်မှု ဆန္ဒဖြင့် ဆောင်ရွက် သွားရန်။
၇။ ထာဝရ ငြိမ်းချမ်းရေး အတွက် ဥပဒေ ဘောင်အတွင်း လုံးဝ ဝင်ရောက်၍ ဖွဲ့စည်းပုံ ဥပဒေ နှင့် အညီ နေထိုင် လှုပ်ရှား လုပ်ကိုင် သွားရန်။
၈။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတည်း ရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန်။
ဒီ (၈) ချက် ကနေ စတင် စီးဆင်း လာခဲ့တဲ့ နှစ်ဖက် တွေ့ဆုံမှုတွေ ကနေ ရလာဒ် အဖြစ် အခု အကြိမ် ဆိုရင် အပစ်အခတ် ရပ်စဲနိုင်ဖို့ “တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်” ညှိနှိုင်းတာ လေးကြိမ်မြောက် ရှိလာပါပြီ။

ဒါနဲ့ အခြေခံမူကို ပြန်ကြည့်တယ် ဆိုရင်ပဲ လူဗြိန်း နားလည်တဲ့ စကားနဲ့ ပြောရရင် ၂၀၀၈ အောက်ကိုလာ၊ ၂၀၀၈ ဥပဒေ အောက်မှာနေ၊ တပ်တွေကို ပြောင်း (သို့) ဖျက်၊ ပြင်လို့ မလွယ်တဲ့ ၂၀၀၈ ဥပဒေကို ကြိုးစားပြီး လွှတ်တော်မှာ လာပြင်ကြ အဲလို သဘောများ သက်ရောက် နေမလား။

နောက်ထပ် တိုင်းရင်းသား တွေကို အကြပ်ရိုက် စေတဲ့ တပ်မတော်ရဲ့မူ (၆) ချက် ဆိုတာကိုလည်း ကျင်းပဆဲ ဆွေးနွေး ပွဲမှာ တပ်မတော် ဘက်က ဆက်လက် စွဲကိုင် ထားဆဲ ဖြစ်ပြီး အဲဒီ စက်တင်ဘာ ၂၃ ရက်နေ့ အစည်းအဝေး စောပြီး ရပ်နား ရတာ ဟာလည်း ဖက်ဒရယ် တပ်မတော် တည်ထောင်ရေး တိုင်းရင်းသား တွေရဲ့ တင်ပြချက်ကို တပ်မတော် ဘက်က ပယ်ချ ခဲ့တယ်လို့ သတင်း ဌာနတွေမှာ ဖော်ပြတာ ဖတ်လိုက် ရပါတယ်။

တပ်မတော်ရဲ့မူ (၆) ချက်ကို ကြည့်ရအောင်။

စဉ် အကြောင်းအရာ
၁။ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် လိုလား ဆန္ဒ ရှိရမည်။
၂။ သဘောတူညီချက်များတွင် ကတိပြု ထားသည့် အတိုင်း တည်ရမည်။
၃။ ငြိမ်းချမ်းရေး သဘောတူညီချက် အပေါ် အခွင့်ကောင်း မယူရ။
၄။ ဒေသခံ ပြည်သူများ အပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရ။
၅။ လှုပ်ရှား ဆောင်ရွက်မှု များသည် တည်ဆဲ ဥပဒေ၊ စည်းမျဉ်းနှင့် အညီ ဖြစ်စေရမည်။
၆။ လှုပ်ရှား ဆောင်ရွက်မှု များသည် အမျိုးသား နိုင်ငံရေး ဦးတည်ချက် ၃ ရပ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ နှင့်အညီ ဖြစ်စေ ရမည်။
ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမူ (၈) ချက် ၊ တပ်မတော်မူ (၆) ချက်ကို ချုပ်လိုက်ရင် ၂၀၀၈ အောက်ကို ရောက်မှန်းမသိ ရောက်သွားတော့ တာပဲ။

နာမည်ဆိုးနဲ့ ကျော်ကြား ခဲ့တဲ့ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံကိုပဲ ပြန်သွားဖို့ ချည်နေ ဦးမယ်၊ ချည်နေဆဲ ဆိုရင် ဆွေးနွေးပွဲ ဘယ်လောက်ပဲ လုပ်လုပ် ၊ ဘယ်ဘိုးတော် သိကြား ၊ ဖွားတော် မေခလာက ဆင်းလာ တွန်းတွန်း ငြိမ်းချမ်း နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လို့ ရပါတယ်။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လမ်းဖွင့်ထား ပေးတယ် ဆိုပေမယ့် အခု အချိန်အထိ ဘယ်အခန်းရဲ့ ဘယ်ပုဒ်မ ဘယ်လောက်ကို ပြင်လို့ ရခဲ့သလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေဆဲပါ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တောက်လျှောက် အနှစ် (၆၀) ကျော်ကြာ လက်နက်ကိုင် တိုက်ပွဲ ဝင်ခဲ့တာ ဆိုတာလည်း အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် တွေအတွက်ပါ။ အခု တိုင်းရင်းသား တွေရဲ့ အခွင့်အရေး ၊ ရပိုင်ခွင့် ၊ တန်းတူရေး တွေကို တစ်ခွန်း တစ်ပါဒမှ မဟပဲ ကိုယ်လိုရာ တွန်းနေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမည်ခံ တွေ့ဆုံ ရေးသည်ကား အဘယ်သို့သော ယုံကြည်မှုကို ရရှိ နိုင်ပါမည်နည်း။

နောက်ဆုံး ကုန်ကုန် ပြောရရင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် ချုပ်နိုင်ခဲ့ရင် တောင်မှ တိုင်းရင်းသား တွေရဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် အာမခံချက် မရှိခဲ့လျှင် သေနတ် အချိန်မရွေး ထပေါက် နိုင်ဖို့ ဖြစ်လာ ပေဦးမယ်။

စာရေးသူ အနေနဲ့ ဤနေ့ ပြန်ရောက်မှာ ၊ ဖြစ်လာမှာ မလိုလားပါ။ သို့ကြောင့် အစိုးရ ဘက်ကသော် လည်းကောင်း တပ်တော် ဘက်ကသော်လည်းကောင်း ငြိမ်းချမ်းရေးကို အမှန်တကယ် ရှေးရှူ့လျှင် တိုင်းရင်းသား တွေအပေါ် စစ်မှန်သော စေတနာ ထားဖို့ တိုက်တွန်း ပါရစေ။

ကွန်ပျူတာ စားပွဲပုမှာ တင်ထားတဲ့ စာအုပ်ဖြူကို လှမ်းယူ၍ “ငြိမ်းချမ်းရေး” ဆိုသည့် စကားလုံးကို မှင်အပြာ လေးနဲ့ စာမျက်နှာ တစ်ပြင် အပြည့် ရေးချ လိုက်သည်။ ဒီလို ဆိုတော့လည်း စာရွက်ပေါ်မှာ ငြိမ်းချမ်းရေး တည်ဆောက် ရတာ အလွယ်သား ပါလားနော်ဟု တစ်ကိုယ်တည်း ထီးထီး ပြံုးရင်းက စာအုပ်ကို အသာလေး ချလိုက်မိသည်။

Leave a Reply